အသက်ရှင်ကျန်နေသူတွေကို ရှာဖွေတွေ့ရှိနိုင်ရေး မျှော်လင့်ချက်မှေးမှိန်လာခဲ့ပါတယ်။

အီတလီနိုင်ငံ ဂျီနိုအာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမြန်လမ်းမဖြတ်သန်းရာ တံတားပြိုကျမှုအတွင်း သေဆုံးသူ အရေအတွက် ၄၃ ဦးအထိ မြင့်တက်လာကြောင်း အစိုးရကထုတ်ပြန်တဲ့ နောက်ဆုံး စာရင်းတွေအရ သိရှိရပါတယ်။


(Photo: AFP/Piero Cruciatti)



အင်္ဂါနေ့ (သြဂုတ် ၁၄ ရက်) က ဂျီနိုအာမြို့ရှိ မိုရန်ဒီ (Morandi) တံတားပြိုကျပြီးနောက် အပျက်အစီးများအောက်မှာ အသက်ရှင်ကျန်နေသူတွေကို ရှာဖွေတွေ့ရှိနိုင်ရေး မျှော်လင့်ချက်မှေးမှိန်လာခဲ့ပါတယ်။ မိုရန်ဒီတံတားပြိုကျမှုကြောင့် ကားအစီးရေ ၄၀ နီးပါးဟာ အမြင့်ပေ ၁၅၀ နီးပါးရှိ တံတားပေါ်မှ ပြုတ်ကျသွားခဲ့ပါတယ်။

Photo: EPA



တံတားပြိုကျမှုအတွင်း ဒဏ်ရာရခဲ့သူ ၁၆ ဦးကို ဆေးရုံတင်ထားရပြီး ၁၂ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့သူတွေအနက် အသက်ရှစ်နှစ်၊ ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးတွေလည်းပါဝင်ကြောင်းနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိနေကြောင်း အီတလီပြည်ထဲရေးဝန်ကြီး မတ်တီယိုဆဲလ်ဗီနီက ယနေ့ ပြောပါတယ်။

Photo: Valery Hache/AFP



တံတားပြိုကျမှုဟာ တံတားနဲ့ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် ကန်ထရိုက်ရရှိထားတဲ့ Autostrade ကုမ္ပဏီရဲ့ပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ အီတလီအစိုးရက ပြောကြားမှုလည်း ရှိနေပါတယ်။ အစိုးရက အဆိုပါကုမ္ပဏီရဲ့ ကန်ထရိုက်ကို ဖျက်သိမ်းသွားရန်နဲ့ ယူရိုငွေ သန်း ၁၅၀ ဒဏ်တပ်သွားရန် စီစဉ်နေတယ်လို့ဆိုပါတယ်။

Photo: AFP/Getty Images



ယနေ့မနက်ပိုင်းက တံတားပြိုကျတဲ့နေရာကို လာရောက်ကြည့်ရှုခဲ့တဲ့ အီတလီ လက်ထောက်ဝန်ကြီးချုပ် Luigi Di Maio ကလည်း ယခုဖြစ်ရပ်ဆိုးကြီးဟာ ရှောင်လွှဲနိုင်တဲ့ အခြေအနေရှိခဲ့တယ်လို့ ပြောပါတယ်။ "Autostrade ကုမ္ပဏီက တံတားကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့သင့်တယ်၊ သူတို့ မလုပ်ခဲ့ဘူး" လို့ လက်ထောက်ဝန်ကြီးချုပ်က ဆိုပါတယ်။

Photo: AP



အစိုးရက မှတ်ချက်ပေးပြောကြားမှုနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့ရာ တံတားပြိုကျမှုနဲ့ ပတ်သက်ပြီး အီတလီပြည်သူများ ဒေါသထွက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ မိုရန်ဒီတံတားပြိုကျမှုဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှုအများဆုံး တံတားပြိုကျမှုဖြစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

ပြိုကျမှုမဖြစ်ခင် တွေ့ရသည့် မိုရန်ဒီတံတား (Photo: Wiki Commos)



ပြိုကျမှုဖြစ်ခဲ့တဲ့ မိုရန်ဒီတံတားကို ၁၉၆၀ ပြည့်လွန် နှစ်များအတွင်း တည်ဆောက်ခဲ့ပြီး ပေ ၆၅၀ ရှည်လျားကြောင်း သိရပါတယ်။ အဆိုပါ တံတားဟာ အီတလီအနောက်မြောက်ပိုင်း A10 အမြန်လမ်းမကြီးပေါ်မှာ တည်ရှိနေပြီး အောက်ဘက်မှာ မြစ်တစ်စင်းနဲ့ ရထားလမ်းများ ရှိပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က