အဘူဘာကာကို သတ်ခဲ့မှုအတွက် အမေရိကန်ကို လက်စားချေမယ်လို့ ဆိုပါတယ်။
Ko John

အိုင်အက်စ်အကြမ်းဖက်အုပ်စုက ၎င်းတို့ရဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဂ်ဒါဒီ သေဆုံးကြောင်း အောက်တိုဘာ ၃၁ ရက်မှာ အတည်ပြုလိုက်ပြီး ခေါင်းဆောင်သစ်အဖြစ် အဘူအီဗရာဟင်မ် အယ်လ်ဟာရှီမီ အယ်လ်ကူရာစီကို တင်မြှောက်လိုက်ကြောင်း ကြေညာပါတယ်။

(သေဆုံးသွားသည့် အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ) (Photo: US Department Of Defense)

အဘူဘာကာကို သတ်ခဲ့မှုအတွက် အမေရိကန်ကို လက်စားချေမယ်လို့လည်း အိုင်အက်စ်အုပ်စုက ကြုံးဝါးခဲ့ပါတယ်။ အိုင်အက်စ်ခေါင်းဆောင် သေဆုံးကြောင်း အတည်ပြုမှုနဲ့ ခေါင်းဆောင်သစ် တင်မြှောက်ကြောင်းကို အဆိုပါအုပ်စုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အသစ် အဘူဟာမက်ဇ် အယ်လ်ကူရိုင်းရှီက အသံထုတ်လွှင့်မှုတစ်ခုမှာ ပြောထားပါတယ်။

အမေရိကန်တပ်ဖွဲ့က စီးနင်းမှုအတွင်း သေဆုံးခဲ့တဲ့ အဘူဘာကာဟာ အိုင်အက်စ်အကြမ်းဖက်အုပ်စုကို ၂၀၁၄ ခုနှစ်ကတည်းက ဦးဆောင်ခဲ့ပြီး ကမ္ဘာ့အလိုအရှိဆုံး လူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ၎င်းဟာ အောက်တိုဘာ ၂၆ ရက် ဒေသစံတော်ချိန် ညသန်းခေါင်ကျော်အချိန်က ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ်မှာ အမေရိကန် အထူးတပ်ဖွဲ့တွေက စီးနင်းမှုအတွင်း သေဆုံးခဲ့ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ သေဆုံးသွားပြီလို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ အဘူဘာကာဟာ အမေရိကန်တပ်ဖွဲ့က စီးနင်းမှုအတွင်း စစ်မှုထမ်းခွေးတစ်ကောင်က ၎င်းနောက်ကိုလိုက်ခဲ့ပြီးနောက် ပြေးပေါက်ပိတ်သွားခဲ့စဉ် အသေခံ ဗုံးခွဲဝတ်စုံကို ဖောက်ခွဲလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း ထရန့်က ပြောပါတယ်။ အဘူဘာကာနောက်ကို လိုက်ခဲ့တဲ့ အမေရိကန်စစ်မှုထမ်းခွေးလည်း ဒဏ်ရာရသွားခဲ့ပါတယ်။ အဆိုပါ ခွေးရဲ့ဓာတ်ပုံကို သမ္မတထရန့်က ၎င်းရဲ့ Twitter မှာ ထုတ်ဖော်ပြသခဲ့ပြီး ဂုဏ်ပြုချီးကျူးထားပါတယ်။

(Photo: Donald Trump/Twitter)

"ကျွန်တော်တို့ရဲ့ စစ်မှုထမ်းခွေးက သူ့နောက်ကိုလိုက်ခဲ့တယ်၊ သူက ဥမင်လှိုဏ်ခေါင်းအဆုံးကို ရောက်သွားခဲ့ပြီး သူ့ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့ အသေခံ ဗုံးခွဲဝတ်စုံကို ဖောက်ခွဲပစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ သူ့ကလေးသုံးဦးကိုပါ သတ်လိုက်ပါတယ်၊ သူ့ခန္ဓာကိုယ်က ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းပြတ်သွားခဲ့ပြီး ဥမင်လှိုဏ်ခေါင်းက သူ့အပေါ်ကို ပြိုကျသွားခဲ့တယ်" လို့ အမေရိကန်သမ္မတထရန့်က အဘူဘာကာကို စီးနင်းမှုဖြစ်စဉ်ကို ပြောခဲ့ပါတယ်။

(အဘူဘာကာရဲ့နေရာကို စီးနင်းမှုမှတ်တမ်းပုံရိပ်တစ်ခု) (Photo: US Department Of Defense)

အိုင်အက်စ်အုပ်စုက ယမန်နေ့မှာ ထုတ်ပြန်မှုအရ နောက်ထပ် စီးနင်းတိုက်ခိုက်မှုမှာ ၎င်းတို့ရဲ့ ယခင်ပြောခွင့်ရပုဂ္ဂိုလ် အဘူဟာဆန် အယ်လ်မူဟာဂျာ သေဆုံးသွားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ ထိုအတောအတွင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာရဲ့နေရာကို စီးနင်းတိုက်ခိုက်မှု မှတ်တမ်းဗီဒီယိုကို ယမန်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။



က္က