တရုတ်နိုင်ငံဟာ ကမ္ဘာ့ အကြီးမားဆုံး ဂိမ်းဈေးကွက်များအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ်အောက်အရွယ်တွေအတွက် အွန်လိုင်းဂိမ်းကစားခြင်းအပေါ် ကာဖျူးအမိန့်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း အစိုးရက ကြေညာပါတယ်။

(Photo: Getty Images)

တရုတ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ဂိမ်းကာဖျူးအမိန့်အရ ည ၁၀ နာရီမှ မနက် ၈ နာရီအထိ အသက် ၁၈ နှစ်အောက်အရွယ်များ အွန်လိုင်းဂိမ်းကစားခြင်း တားမြစ်ပိတ်ပင်ထားပါတယ်။ ထို့အတူ ၎င်းအရွယ်တွေကို ကြားရက်များမှာ ဂိမ်းကစားချိန်ကို မိနစ် ၉၀ နဲ့ စနေ၊ တနင်္ဂနွေရက်နဲ့ အားလပ်ရပ်တွေမှာ သုံးနာရီအဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။



ကလေးများရဲ့ကျန်းမာရေးကို ထိခိုက်စေတယ်လို့ တာဝန်ရှိသူတွေက ပြောထားတဲ့ ဗီဒီယိုဂိမ်းစွဲလန်းမှုကို ဟန့်တားနိုင်ရေး တရုတ်အစိုးရရဲ့ ဆောင်ရွက်ချက်တစ်ခုအဖြစ် ဂိမ်းကစားခြင်းအပေါ်ကန့်သတ်ထားတဲ့ ကာဖျူးအမိန့်ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ အကြီးမားဆုံး ဂိမ်းဈေးကွက်များအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

(Photo: Getty Images)

အသက် ၁၈ နှစ်အရွယ်တွေ ဂိမ်းကစားခြင်းကို ကန့်သတ်ထိန်းချုပ်ထားတဲ့ ညွှန်ကြားချက်တွေကို တရုတ်အစိုးရက အင်္ဂါနေ့ (နိုဝင်ဘာ ၅ ရက်) မှာ တရားဝင် ထုတ်ပြန်လိုက်တာဖြစ်ပြီး ထိုအရွယ်တွေအတွက် ဂိမ်းကစားခြင်းနဲ့ပတ်သက်တဲ့ ငွေသုံးစွဲမှုကိုလည်း ကန့်သတ်ထားကြောင်း သိရပါတယ်။

အသက်ရှစ်နှစ်မှ ၁၆ နှစ်အရွယ် ဂိမ်းကစားသူတွေဟာ တစ်လလျှင် တရုတ်ယွမ်ငွေ ၂၀၀ (မြန်မာကျပ်ငွေ ၄၄,၀၀၀ ဝန်းကျင်) အများဆုံး သုံးစွဲခွင့်ပြထားပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်အရွယ်တွေကိုတော့ ဂိမ်းအတွက် တစ်လအသုံးစရိတ်ပမာဏကို ယွမ်ငွေ ၄၀၀ (မြန်မာကျပ်ငွေ ၈၇,၀၀၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

(Photo: Getty Images)

တရုတ်နိုင်ငံဟာ ယခင်က ကမ္ဘာ့အကြီးဆုံး ဂိမ်းဈေးကွက်ဖြစ်ခဲ့ပေမဲ့ ယခုနှစ်မှာ အစိုးရက ကန့်သတ်ထိန်းချုပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့ရာ ဂိမ်းဈေးကွက်ဝင်ငွေမှာ အမေရိကန်က ပထမဆုံးအကြိမ် တရုတ်ကိုကျော်တက်သွားခဲ့ကြောင်း သုတေသနကုမ္ပဏီ Newzoo က ပြောပါတယ်။ တရုတ်အစိုးရက ဗီဒီယိုဂိမ်းတွေဟာ လူငယ်တွေကို ဆိုးကျိုးသက်ရောက်မှုဖြစ်စေကြောင်း အကြိမ်ကြိမ် ဝေဖန်ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှတော့ ကလေးများ အမြင်အာရုံ အဝေးမှုန်ခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ တရုတ်အစိုးရက အွန်လိုင်းဂိမ်းအရေအတွက် ကန့်သတ်ခြင်း၊ ဂိမ်းကစားချိန် ကန့်သတ်ခြင်းနဲ့ အသက်ကန့်သတ်တဲ့စနစ် ဖော်ဆောင်ခြင်းတို့ကို လုပ်ဆောင်ရန် ဂိမ်းကစားမှုထိန်းသိမ်းကွပ်ကဲရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

ထိုနှစ်အတွင်းမှာပင် တရုတ်အစိုးရက ဗီဒီယိုဂိမ်းအသစ်များကို ထွက်ရှိမှုကို ခွင့်ပြုချက်မပေးဘဲ ကိုးလကြာ ရပ်ဆိုင်းထားခဲ့ရာ အကျိုးအမြတ်များတဲ့ ဂိမ်းလုပ်ငန်းဈေးကွက်ကို သိသာစွာ ထိခိုက်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ဂိမ်းကစားမှုစွဲလန်းခြင်းကို စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

Source: CNN, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က