အမေရိကန်နဲ့ တာလီဘန်ကြား သဘောတူညီမှုရရှိထားတဲ့ အကျဥ်းသားလဲလှယ်ရေးကိစ္စအပေါ် အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ သဘောထားကွဲလွဲခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်စစ်သွေးကြွအုပ်စုကြား နိုင်ငံငြိမ်းချမ်းရေးအတွက် သမိုင်းဝင် ဆွေးနွေးပွဲဟာ သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။

(တာလီဘန်အကျဥ်းသားများ) (Photo: AFP)

အစိုးရနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲဟာ အချည်းနှီးဖြစ်ခဲ့တယ်လို့ တာလီဘန်အုပ်စု ပြောခွင့်ရအမျိုးသားက ဒေသစံတော်ချိန် ဧပြီ ၇ ရက် ညပိုင်းမှာ ပြောခဲ့ပါတယ်။ အစောပိုင်းမှာ အမေရိကန်နဲ့ တာလီဘန်တို့ကြား သဘောတူညီမှုရရှိထားတဲ့ အကျဥ်းသားလဲလှယ်ရေးကိစ္စအပေါ် အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ သဘောထားကွဲလွဲပြီး ဆွေးနွေးပွဲအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။



အမေရိကန်နဲ့ တာလီဘန်အုပ်စုတို့က ဖေဖေါ်ဝါရီ ၂၉ ရက်နေ့မှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုသဘောတူညီမှုဟာ အာဖဂန်နစ္စတန်မှာ ၁၈ နှစ်ကျော်ကြား ဖြစ်ပွားနေခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ကာ ငြိမ်းချမ်းရေးရရှိရန်လမ်းစအဖြစ် မျှော်လင်ခဲ့ကြပါတယ်။ နောက်တစ်ဆင့်အနေနဲ့ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ မျက်နှာချင်းဆိုင် ဆွေးနွေးကြရာမှာတော့ သဘောတူညီမှု မရခဲ့ကြတာလည်း ဖြစ်ပါတယ်။

(အကျဥ်းသားကိစ္စဖြင့် ကဘူးလ်ကိုရောက်လာသည့် တာလီဘန်အချို့) (Photo: AP)

၎င်းတို့ရဲ့ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးမှုရေး အာဖဂန်အစိုးရက နှောင့်နှေးရန်ကြိုးပမ်းနေကြောင်း တာလီဘန်အုပ်စုက ပြောပါတယ်။ အာဖဂန်အစိုးရ တာဝန်ရှိသူတွေကလည်း တာလီဘန်တို့ရဲ့ တောင်းဆိုမှုတွေဟာ အကျိုးသင့်အကြောင်းသင့် မဟုတ်ဘဲ မျှတမှုမရှိဘူးလို့ ဆိုပါတယ်။

တာလီဘန်အုပ်စုက အာဖဂန်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြီးတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ၎င်းတို့ရဲ့တပ်မှူး ၁၅ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့တယ်လို့ အစိုးရရဲ့စေ့စပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Matin Bek က ပြောပါတယ်။ "ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သတ်ခဲ့တဲ့ လူသတ်သမားတွေကို ကျွန်တော်တို့ ပြန်လွှတ်မပေးနိုင်ပါဘူး" လို့ ၎င်းကဆိုပါတယ်။

(တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်) (Photo: Picture Alliance/AP)

တာလီဘန်ပြောခွင့်ရအမျိုးသားကတော့ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီရဲ့ အစိုးရက အကျဥ်းသားလွှတ်ပေးရေးကို မူမမှန်တဲ့အကြောင်းပြချက်ဖြင့် အချိန်ဆွဲနေကြောင်း စွပ်စွဲခဲ့ပါတယ်။ အန္တရာယ်နည်းနိုင်တဲ့ တာလီဘန်အကျဥ်းသား ၄၀၀ ကို လွှတ်ပေးရန် ဆန္ဒရှိတယ်လို့ အာဖဂန်အစိုးရဘက်က ပြောပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့ကြား သဘောတူညီမှုအတွက် ဆွေးနွေးခဲ့ရာမှာ ၎င်းတို့အဖွဲ့ဝင် အကျဥ်းသား ၅,၀၀၀ ကို လွှတ်ပေးရန် တာလီဘန်အုပ်စုက တောင်းဆိုထားခဲ့ပါတယ်။ ထိုစဥ်ကတည်းက အဆိုပါ တောင်းဆိုချက်ကို အာဖဂန်အစိုးရက သဘောတူသွားမည်ဟုတ် မဟုတ် အတိအကျ မသိခဲ့ရဘဲ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ ဆက်လက် ဆွေနွေးရန်လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။
(အမေရိကန်နဲ့တာလီဘန် သဘောတူညီမှု လက်မှတ်ရေးထိုးစဥ်) (Photo: AP)

တာလီဘန်ဘက်က အာဖဂန်တပ်ဖွဲ့ဝင်နဲ့ အာဖဂန်အစိုးရကိုထောက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁,၀၀၀ ကို ပြန်လွှတ်ပေးမယ်လို့ ကမ်းလှမ်းထားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အာဖဂန်နစ္စတန်အခြေစိုက် အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အပါအဝင် နေရာလေးခုကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းပတ်အကြာမှာ အမေရိကန်က အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ခဲ့ပြီး စစ်ပွဲဆင်နွှဲခဲ့ပါတယ်။

Source: Reuters/ABC/BBC

Share

Loading Next Article...
က္က