Qantas, Southwest နဲ့ Korean Air တို့မှ လေယာဥ်တွေမှာ အက်ကွဲကြောင်းတွေ့ခဲ့ရပါတယ်။
Ko John

ဩစတြေးလျအခြေစိုက် Qantas လေကြောင်းလိုင်းရဲ့ Boeing 737NG အမျိုးအစား လေယာဥ်များအနက် သုံးစီးမှာ ဆံချည်မျှင်အရွယ် အက်ကွဲကြောင်း တွေ့ရှိရကြောင်း ယနေ့ (နိုဝင်ဘာ ၁ ရက်) ပြောကြားပါတယ်။

(Photo: David Gray/Reuters)

Qantas က ၎င်းရဲ့လေယာဥ်အုပ်စုမှ ပြဿနာရှိနေတဲ့ Boeing ကုမ္ပဏီထုတ် လေယာဥ်တွေကို စစ်ဆေးခဲ့ပြီးနောက် 737NG အမျိုးအစား လေယာဥ်ကိုယ်ထည်မှာ အက်ကွဲကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 'စစ်ဆေးဖို့လိုအပ်နေတဲ့ Qantas ရဲ့ 737 လေယာဥ် ၃၃ စီးအနက်မှ သုံးစီးရဲ့ကိုယ်ထည်မှာ ဆံချည်မျှင်အရွယ် အက်ကွဲကြောင်း တွေ့ခဲ့ရပါတယ်' လို့ လေကြောင်းလိုင်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လေယာဥ်တောင်ပံနဲ့ ကိုယ်ထည် တွဲဆက်ထားတဲ့ အစိတ်အပိုင်းတစ်ခုမှာ အက်ကွဲကြောင်း‌တွေ့ရတယ်လို့ လေကြောင်းလိုင်းက ဆိုပါတယ်။ အက်ကွဲကြောင်း တွေ့ရှိရတဲ့ လေယာဥ်တွေကို ပြင်ဆင်ရန်အတွက် ပျံသန်းခြင်းမပြုဘဲထားမယ်လို့လည်း Qantas က ပြေပါတယ်။

(Infographic: SMH)

Boeing ကုမ္ပဏီကလည်း ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ ၎င်းရဲ့ နာမည်ကြီး 737NG အမျိုးအစား လေယာဥ်တွေမှာ အက်ကွဲကြောင်းများတွေ့ရပြီးနောက် ပျံသန်းမှုရပ်ဆိုင်းထားခဲ့ကြောင်း ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) က ကြေညာခဲ့ပါတယ်။ အမေရိကန် လေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့က 737NG လေယာဥ်အဟောင်းတွေကို စစ်ဆေးရန် အောက်တိုဘာလအစောပိုင်းမှာ ညွန်ကြားထားခဲ့ပါတယ်။

ပျံသန်းချိန်ပိုများတဲ့ အဆိုပါ လေယာဥ်အမျိုးအစားတွေကို ခုနစ်ရက်အတွင်း စစ်ဆေးမှုလုပ်ဆောင်ရန်လည်း လေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့က ပြောခဲ့ပါတယ်။ လေယာဥ်အစီးရေ ၁,၀၀၀ အနက် ၅ ရာခိုင်နှုန်းထက်နည်းတဲ့ အရေအတွက်မှာ အက်ကွဲကြောင်းတွေ့ရပြီး ထိုလေယာဥ်တွေကို ပြင်ဆင်ရန်အတွက် ပျံသန်းမှုရပ်ဆိုင်းထားကြောင်း Boeing ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၃၁ ရက်နေ့မှာ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

(Qantas အင်ဂျင်နီယာချုပ် ခရစ်စနုခ်နှင့် Qantas Domestics စီအီးအို အန်ဒရူး ဒေးဗစ်) (Photo: Louise Kennerley)

တောင်ကိုရီးယားမှ Korean Air နဲ့ အမေရိကန်အခြေစိုက် Southwest Airlines တို့ကလည်း ၎င်းတို့ရဲ့ Boeing 737NG အမျိုးအစား လေယာဥ်တွေမှာ အက်ကြောင်းများ တွေ့ရှိရပြီးနောက် ပျံသန်းမှုရပ်ဆိုင်းထားပါတယ်။ အခြား ထင်ရှားတဲ့ လေကြောင်းလိုင်းအချို့ကတော့ ၎င်းတို့ အသုံးပြုနေတဲ့ 737NG လေယာဥ်တွေမှာ အက်ကွဲကြောင်းများ မတွေ့ရဘူးလို့ ဆိုပါတယ်။

ယခုကိစ္စဟာ ပြဿနာများ ရင်ဆိုင်နေရတဲ့ အမေရိကန် လေယာဥ်ကုမ္ပဏီအတွက် နောက်ထပ် အခက်အခဲတွေ ထပ်မံ ကြုံလာရတာလည်း ဖြစ်ပါတယ်။ Boeing ဟာ 737NG နောက်ပိုင်း ထုတ်လုပ်ခဲ့တဲ့ 737 MAX အမျိုးအစား လေယာဥ်ပျက်ကျမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အမြတ်အစွန်းများ ထိုးကျနေမှု၊ ပြည်ထောင်စုအဆင့် စစ်ဆေးမှုနဲ့ စီးအီအို နုတ်ထွက်ရန်တောင်းဆိုမှုတွေ ရင်ဆိုင်နေခဲ့ရပါတယ်။

(လွှတ်တော်မှာ မေးမြန်းခံရသည့် Boeing စီအီးအို) (Photo: AFP via Getty Images)

737NG လေယာဥ်တွေမှာ အက်ကွဲကြောင်းတွေ့ရမှုအပေါ် စိုးရိမ်ပူပန်မှုမရှိကြရန် Boeing နဲ့ Qantas တို့က ခရီးသည်တွေကို ပြောခဲ့ပါတယ်။ "ဘေးကင်းလုခြုံမှု မရှိတဲ့ လေယာဥ်တစ်စီးကို ကျွန်တော်တို့ ဘယ်တော့မှ ပျံသန်းစေမှာ မဟုတ်ပါဘူး" လို့ Qantas Domestic စီးအီးအို အန်ဒရူး ဒေးဗစ်က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က