လူဖြူအမျိုးသားရေး စုရုံးချီတက်ပွဲတစ်ခုမှာ ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ခဲံ

အမေရိကန်စစ်တပ် စစ်မှုထမ်းဟောင်းတစ်ဦးကို ကြီးမားတဲ့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ရန် ကြံစည်နေမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်တွေက ဧပြီ ၂၉ ရက်မှာ ပြောပါတယ်။

(ဒိုမင်ဂို၏ ဓာတ်ပုံကို ပြသထားမှု) (Photo: Depertment of Justice)

အဆိုပါ အမေရိကန်စစ်မှုထမ်းဟောင်းက ပြီးခဲ့တဲ့ မတ်လအတွင်း နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့ရှိ ဗလီနှစ်ခုမှာ မွတ်စလင်မ် ဝတ်ပြုဆုတောင်းသူတွေကို ပစ်ခတ်ခဲ့မှုအတွက် လက်စားချေရန် ယခု အကြမ်းဖက်တိုက်ခိုက်မှုကြီးကို ကြံစည်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မွတ်စလင်မ်အဖြစ်သို့ ကူးပြောင်းခဲ့သူ အသက် ၂၆ နှစ်အရွယ် မာ့ခ်စတီဗင်ဒိုမင်ဂိုဟာ အာဖဂန်နစ္စတန်မှာ တိုက်ပွဲအတွေ့အကြုံရှိခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်လည်း ဖြစ်ပါတယ်။



၎င်းကို ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိချ် (Long Beach) မြို့မှာ တနင်္ဂနွေနေ့ (ဧပြီ ၂၈ ရက်) က ကျင်းပပြုလုပ်ခဲ့တဲ့ လူဖြူအမျိုးသားရေး စုရုံးချီတက်ပွဲတစ်ခုကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုအတွက် အကြမ်းဖက်စွဲချက်များနဲ့ တရားစွဲဆိုထားပါတယ်။ အမေရိကန်စစ်မှုထမ်းဟောင် ဒိုမင်ဂိုက လူအစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရစေရန် ရည်ရွယ်ပြီး စုရုံးချီတက်ပွဲကို ပစ်မှတ်ထားခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

(ဒိုမင်ဂိုကို ဖမ်းဆီးမှု သတင်းထုတ်ပြန်မှု) (Photo: AFP)

လျှို့ဝှက်အေးဂျင့်တစ်ဦးက အသွင်ယူဟန်ဆောင်ကာ ပေးပို့လိုက်ပြီး ဒိုမင်ဂိုက ဗုံးတစ်လုံးပါရှိကြောင်း ထင်ထားခဲ့တဲ့ ပါဆယ်ထုပ်ကို လက်ခံခဲ့ပြီးနောက် သောကြာနေ့ (ဧပြီ ၂၈ ရက်) မှာ ၎င်းကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

တရားရုံးမှတ်တမ်းတွေအရ ဒိုမင်ဂိုဟာ အွန်လိုင်းမှာနဲ့ FBI လျှို့ဝှက်အေးဂျင့်တစ်ဦးနဲ့ စကားပြောခဲ့ရာမှာ စစ်သွေးကြွတွေကို အားပေးထာက်ခံကြောင်းနဲ့ မွတ်စလင်မ်တွေကို တိုက်ခိုက်မှုများအတွက် ဒဏ်ခတ်ခြင်းဖြင့် အာဇာနည်တစ်ဦး ဖြစ်လာရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ သိရပါတယ်။ ၎င်းက ဂျူးများ၊ ခရစ်ယာန်ဘုရားကျောင်းများနဲ့ ရဲတပ်ဖွဲ့အရာရှိများကို ပစ်မှတ်ထားခြင်း အပါအဝင် နည်းလမ်းအမျိုးမျိုးကို စဉ်းစားခဲ့ပြီးနောက် လောင်းဘိချ် စုရုံးချီတက်ပွဲကို ဖောက်ခွဲတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

(Long Beach မြို့ တည်နေရာပြမြေပုံ) (Map: Google Maps)

"ဒီ စုံစမ်းထောက်လှမ်းမှုက လေ့ကျင့်ထားတဲ့ တိုက်ပွဲဝင်စစ်သားတစ်ယောက်က အကြမ်းဖက်တိုက်ခိုက်မယ့် တစ်ကယ့်ခြိမ်းခြောက်မှုတစ်ခုကို အောင်အောင်မြင်မြင် ဖော်ထုတ်ဟန့်တားနိုင်ခဲ့ပါတယ်၊ သူက သေကျေဒဏ်ရာရသူ အရေအတွက် အများဆုံးဖြစ်စေချင်ခဲ့တာပါ" လို့ အမေရိကန်ရှေ့နေချုပ် နစ်ခ်ဟန်နာက ပြောခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကြီး လုပ်ဆောင်ရန်ကြံစည်မှုဖြင့် ဖမ်းဆီးလိုက်တဲ့ အမေရိကန်တပ်ဖွဲ့ဝင်ဟောင်း ဒိုမင်ဂိုဟာ အာဖဂန်နစ္စတန်မှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ စစ်မှုထမ်းခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းက ၂၀၁၇ ခုနှစ်အတွင်း လက်စ်ဗီးဂက်စ်မှာ ဖြစ်ပွားခဲ့ပြီး လူ ၅၈ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုကို ရည်ညွန်းပြောဆိုထားတဲ့ အွန်လိုင်းပို့စ်တစ်ခုကို မတ်လအစောပိုင်းမှာ တင်ခဲ့တယ်လို့ဆိုပါတယ်။

(အမေရိကန်ရှေ့နေချုပ် နစ်ခ်ဟန်နာ) (Photo: AFP)

"အမေရိကန်က နောက်ထပ် လက်စ်ဗီးဂက်စ်ဖြစ်ရပ် လိုအပ်နေတာ၊ သူတို့ကို တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေတဲ့ အကြမ်းဖက်အရသာ ခံစားရစေတဲ့ ဖြစ်ရပ်လေ" လို့ ဒိုမင်ဂိုက ရေးသားထားပါတယ်။ ဒါ့အပြင် မတ်လ ၁၄ ရက်နေ့က ဒိုမင်ဂို တင်ခဲ့တဲ့ပို့စ်မှာလည်း "နယူးဇီလန် ဗလီတွေမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်၊ ဝဋ်လည်စေရမယ်" လို့ ရေးထားခဲ့ကြောင်း တရားရုံးမှတ်တမ်းတွေက ဖော်ပြပါတယ်။ ဒိုမင်ဂိုကို စွဲဆိုထားတဲ့ ပြစ်မှုတွေအရ ၎င်းဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ကြောင်း AFP သတင်းက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က