COVID-19 ကူးစက်မှု နှေးကွေးစေရန် ဘဏ္ဍာရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေပါတယ်။
Ko John

ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းပြီး ခုခံနိုင်စွမ်းမရှိတဲ့ နိုင်ငံတွေကို အဆောတလျင် အကူအညီမပေးပါက ကမ္ဘာတစ်ဝှမ်း လူဦးရေ တစ်ဘီလီယံဟာ COVID-19 ကူးစက်ခံရသူတွေ ဖြစ်လာနိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့က သတိပေးလိုက်ပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန် ဘဏ္ဍာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေကြောင်း International Rescue Committee (IRC) က ၎င်းရဲ့ အစီရင်ခံစာမှာ ပြောကြားထားပါတယ်။ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားကဲ့သို့ ထိခိုက်လွယ်တဲ့ နိုင်ငံတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုကြီးကို ရှောင်လွှဲရန် အရေးတကြီး ရန်ပုံငွေလိုအပ်ကြောင်း IRC က ဆိုပါတယ်။

ထိုသို့သော နိုင်ငံတွေမှာ COVID-19 ကူးစက်ဖြစ်ပွားမှုကို ကောင်းစွာတုံ့ပြန်ရန် အချိန်အနည်းငယ်မျှသာ ကျန်ရှိတော့ကြောင်းလည်း IRC က သတိပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၃ သန်းကျော်နဲ့ သေဆုံးသူ ၂ သိန်းကျော်အထိ တရိပ်ရိပ် တိုးလာနေဆဲဖြစ်ပါတယ်။

IRC က ၎င်းရဲ့ အစီရင်ခံစာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) နဲ့ Imperial College London တို့ထံမှ တွက်ချက်မှုပုံစံတွေနဲ့ အချက်အလက်တို့ကို အခြေခံခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။ IRC က ကမ္ဘာတစ်ဝှမ်း လူဦးရေ သန်း ၅၀၀ နဲ့ ၁ ဘီလီယံကြား ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထို့အတူ ပဋိပက္ခတွေနဲ့ တည်ငြိမ်မှုမရှိတဲ့ ဒါဇင်နဲ့ချီ အရေအတွက်ရှိ နိုင်ငံတွေမှာ COVID-19 ကြောင့် လူဦးရေ ၃ သန်းကျော် သေဆုံးနိုင်ကြောင်းလည်း IRC က ပြောခဲ့ပါတယ်။

"ဒီကိန်ဂဏန်းတွေက နိုးထဖို့အချက်ပေးသံပါပဲ၊ ဒီကပ်ရောဂါ အကြီးအကျယ် ဖျက်ဆီးနိုင်မှုကို ကမ္ဘာ့အထိခိုက်လွယ်ဆုံးနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ မခံစားကြရသေးပါဘူး၊ အခုအချိန်မှာ အဓိကအကျဆုံးက အလှူရှင်တွေက အဆောတလျင် ထောက်ပံ့လှူဒါန်းမှုပါပဲ၊ အစိုးရတွေက အဟန့်အတားတွေကို ဖယ်ရှားဖို့နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ ပူပေါင်းလုပ်ဆောင်ရမှာပါ" လို့ IRC အကြီးအကဲ ဒေးဗစ်မီလီဘန်းက ပြောပါတယ်။

(Photo: AFP)

အမေရိကန်အခြေစိုက် IRC က ကမ္ဘာတစ်ဝှမ်းမှာ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းတွေကို တုံ့ပြန်ဖြေရှင်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အိမ်ထောင်စုအရွယ်အစား၊ လူဦးရေထူထပ်မှု၊ ကျန်းမာရေးစောင့်ရှောက်နိုင်မှုနဲ့ ယခင်ကတည်းက ပဋိပက္ခဖြစ်ပွားနေမှုတွေက ရောဂါကူးစက်ဖြစ်ပွားမှု ကြီးကြီးမားမား ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း IRC က ပြောထားပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားမှာ အစိုးရတွေက တရားဝင် ထုတ်ပြန်ထားတဲ့ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းဟာ နည်းပါးနေပေမဲ့ အမှန်တစ်ကယ် အရေအတွက်ဟာ ပိုမိုများပြားနေလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ပြည်တွင်းစစ် ပြင်းထန်နေခဲ့တဲ့ ယီမင်မှာ Doctors Without Borders (MSF) ဆေးကုသရေးအဖွဲ့ရဲ့ အစီအစဥ်တွေကို စီမံခန့်ခွဲနေတဲ့ Caroline Seguin ရဲ့ အဆိုအရ ထိုနိုင်ငံအတွင်း ဆေးရုံသို့မရောက်ရှိဘဲ COVID-19 ကြောင့် သေဆုံးခဲ့သူတွေရှိကြောင်း သိရပါတယ်။

(Photo: Bangkok Post)

"ဒီနိုင်ငံထဲမှာ ကူးစက်မှုတွေ ဖြစ်ပွားနေတယ်လို့ ကျွန်မတို့ အခိုင်အမာ ယုံကြည်ထားပါတယ်၊ ဒါပေမဲ့ ဗိုင်းရပ်စ် စစ်ဆေးနိုင်မှုက အရမ်း အရမ်းကို နည်းပါတယ်" လို့ သူမက BBC သတင်းဌာနကို ပြောပါတယ်။ ယီမင်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါနဲ့ ဝက်သက်ရောဂါတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အားနည်းမှုတွေရှိနေခဲ့ပြီး ဖြစ်ပါတယ်။ "ကျန်းမာရေးစနစ်က ပြိုလဲနေပါတယ်၊ သေချာတာက ယီမင်ကျန်းမာရေးဝန်ကြီးဌာဟာ ဒီကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိပါဘူး" လို့ Caroline Seguin က သုံးသပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က