ဒေါ်လာ ၄၅၃ သန်းဖြင့် လေလံတင်ရောင်းချခဲ့တဲ့ ပန်းချီကားဖြစ်ပါတယ်။
Ko John

လွန်ခဲ့တဲ့ ၂ နှစ်က ကမ္ဘာ့အမြင့်ဆုံး စံချိန်တင် လေလံဈေးနှုန်းဖြင့် ရောင်းချခဲ့ရပြီးနောက် အများမြင်ကွင်းမှ ပျောက်ဆုံးနေခဲ့တဲ့ ဂန္တဝင်လက်ရာ ပန်းချီကားတစ်ချပ်ကို ဆော်ဒီအာရေဗီးယားနိုင်ငံ အိမ်ရှေ့မင်းသားရဲ့ ဇိမ်ခံရွက်လှေပေါ်မှာ ချိတ်ဆွဲထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

(ဒေါ်လာ သန်း ၄၅၀ တန် ပန်းချီကား) (Photo: Christie's)

တန်ဖိုးကြီးလှတဲ့ အဆိုပါ ပန်းချီကားကို ၁၅၀၀ ပြည့်ဝန်းကျင်ကာလ စာပေနဲ့အနုပညာထွန်းကားခဲ့တဲ့ Renaissance ခေတ်ရဲ့ ဂန္တဝင်ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ Salvator Mundi လို့ အမည်ပေးထားတဲ့ ပန်းချီကားဟာ ကမ္ဘာကြီးကို ကယ်တင်သူတစ်ဦးအဖြစ် ခရစ်တော်ကို ပုံဖော်ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။

ဂန္တဝင်ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီရဲ့လက်ရာ Salvator Mundi ပန်းချီကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း နယူးယော့ခ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Christie's လေလံပွဲမှာ ရောင်းချခဲ့ရာ ကမ္ဘာ့စံချိန်တင် အမြင့်ဆုံး လေလံဈေးနှုန်းဖြစ်တဲ့ ဝန်ဆောင်ခများ အပါအဝင် အမေရိကန်ဒေါ်လာ ၄၅၃ သန်းဖြင့် ဆော်ဒီမင်းသား Badr bin Abdullah bin Mohammed bin Farhan Al Saud က ဝယ်ယူသွားခဲ့ပါတယ်။

(ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ဇိမ်ခံရွက်လှေ) (Photo: Phil Walter/Getty Images)

ထိုသို့ ကမ္ဘာ့စံချိန်တင် အမြင့်ဆုံး လေလံဈေးနှုန်းဖြင့် ဝယ်ယူခဲ့မှုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမ်ဘင်ဆဲလ်မန်း (Mohammed Bin Salman) ကိုယ်စား ဝယ်ယူပေးခဲ့တာလို့လည်း အများအပြားက ယုံကြည်ထားခဲ့ကြပါတယ်။ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်းဟာ ဆော်ဒီအစိုးရကို အဓိက ဦးဆောင်နေသူဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်လို့လည်းဆိုနိုင်ပါတယ်။

လီယိုနာဒိုဒါဗင်ချီရဲ့ ခရစ်တော်ပုံ ပန်းချီကားကို ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ရွက်လှေပေါ်မှာ ချိတ်ဆွဲထားကြောင်း ArtNet ဝက်ဘ်ဆိုက်မှာ သတင်းဆောင်းပါးများ ရေးသားနေတဲ့ ပန်းချီအနုပညာရေးရာ ကျွမ်းကျင်သူ Kenny Schachter က ပြောကြားခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ArtNet ဟာ ပန်းချီအနုပညာလက်ရာများ ရောင်းဝယ်မှုဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။


(ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမ်ဘင်ဆဲလ်မန်း) (Photo: AFP)

Salvator Mundi ပန်းချီကား ချိတ်ဆွဲထားရှိတဲ့ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ဒေါ်လာ သန်း ၅၀၀ တန် ဇိမ်ခံရွက်လှေဟာ လူဦးရေ ၅၀ လိုက်ပါစီးနင်းနိုင်ပြီး ရဟတ်ယာဉ်ဆင်းသက်နေရာနဲ့ ရေငုပ်သင်္ဘော ထားရှိတဲ့နေရာတွေလည်း ပါဝင်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး လေလံဈေးနှုန်းဖြင့် ရောင်းချခဲ့ရတဲ့ Salator Mundi ပန်းချီကားဟာ အတုဖြစ်တယ်လို့ သံသယရှိသူတွေရဲ့ ပြောဆိုမှုတွေလည်းရှိခဲ့ပြီး ပန်းချီအနုပညာလောကမှာ ပဟေဠိဆန်တဲ့ ပန်းချီကားတစ်ချပ်ဖြစ်လို့နေပါတယ်။


Author


က္က