မြို့ငယ် ၅ မြို့ မီးလောင်ပျက်စီးသွားပြီး သေဆုံးမှု အများအပြားရှိနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှာ မကြုံးစဖူး တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့မှုကြောင့် မြို့ငယ် ၅ မြို့ မီးလောင်ပျက်စီးသွားခဲ့ပြီး သေဆုံးမှု အများအပြားရှိနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက စက်တင်ဘာ ၉ ရက်နေ့မှာ ပြောပါတယ်။

(Photo: Tyee Burwell/AFP)

တောမီးသင့်ခဲ့တဲ့ နေရာများရှိ မိသားစုတွေထံမှ သေဆုံးမှု အကြောင်းကြားတာတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ လေပြင်းတိုက်ခတ်မှုနဲ့ အပူချိန်မြင့်တက်မှုတွေကြောင့် အမေရိကန်အနောက်ပိုင်းမှာ တောမီးလောင်မှု ၁၀၀ နီးပါး ဖြစ်ပွားနေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ အော်ရီဂွန်ပြည်နယ်ဟာ တောမီးလောင်မှု အဆိုးဆုံးဖြစ်ပွားတဲ့ ပြည်နယ်ဖြစ်ပြီး တောမီးလောင်နေတဲ့ ဧရိယာအကျယ်အဝန်းဟာ နယူးယောခ့်မြို့ရဲ့ နှစ်ဆဖြစ်ပါတယ်။



အော်ရီဂွန်အလယ်ပိုင်း တောမီးလောင်မှု ပြင်းထန်တဲ့ Santiam Valle ရှိ Detroit၊ Blue River နဲ့ ကမ်းရိုးတန်းဒေသ Lane County ရှိ Vida နဲ့ Phoenix၊ တောင်ပိုင်းဒေသရှိ Talenet တို့ဟာ တောမီးကြောင့် ပျက်စီးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘရောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

(Photo: Reuters)

Portland မြို့တောင်ဘက် မိုင် ၅၀ ခန့်အကွာရှိ Santiam Valley အနီး တောင်မီးလောင်မှုတစ်ခုအတွင်း အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးနဲ့ ၎င်းရဲ့အဘွားဖြစ်သူတို့‌ သေဆုံးခဲ့ပြီး သေဆုံးသူ ယောက်ျားလေးရဲ့ မိခင်က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း မိသားစုကို ကိုးကားပြီး KOIN6 သတင်းက ဖော်ပြပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ သေဆုံးသူအရေအတွက်ကို ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ သို့သော် အော်ရီဂွန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုအများဆုံး တောမီးလောင်မှုတွေအနက်တစ်ခုမှာ ၁၉၃၆ ခုနှစ် တောမီးလောင်မှုကြောင့် Brandon မြို့ ပျက်စီးပြီး လူ ၁၃ ဦး သေဆုံးခဲ့မှု ဖြစ်ပါတယ်။


(Photo: Getty Images)

ကယ်ဆယ်ရေးသမားတွေက တောမီးလောင်မှုကနေ လွတ်မြောက်ရန် မြစ်များအတွင်းသို့ ထွက်ပြေးရောက်ရှိနေခဲ့ကြသူတွေကို လိုက်လံကယ်ဆယ်နေကြကြောင်း ဘရောင်းက ပြောခဲ့ပါတယ်။ တောမီးကို မထိန်းချုပ်နိုင်သေးတာကြောင့် မီးသတ်သမားတွေက လူဦးရေ သောင်းနဲ့ချီပြီး နေအိမ်စွန့်ခွာ ရွှေ့ပြောင်းကြရန် အကြောင်းကြားခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် နှစ်စဥ် ဖြစ်ပွားလေ့ရှိတဲ့ တောမီးလောင်မှုတွေဟာ ပိုမိုပြင်းထန် ကြီးမားလာခဲ့တယ်လို့ သုံးသပ်ထားကြပါတယ်။ အော်ရီဂွန်နဲ့ကပ်လျက် ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း တောမီးလောင်မှုတွေ ဆိုးရွားစွာ ဖြစ်ပွားနေပြီး စက်တင်ဘာ ၉ ရက် မနက်ပိုင်းက ဆန်ဖရန်စစ္စကိုမြို့နဲ့ အခြားနေရာတွေမှာ တောမီးလောင်မှုမှ မီးခိုးတွေကြောင့် ကောင်းကင်အရောင်ဟာ လိမ္မော်ရောင်နဲ့ အနီရောင်အဖြစ် ပြောင်းလဲသွားပြီး အချို့နေရာတွေမှာ ညကဲ့သို့ မှောင်မဲနေခဲ့ပါတယ်။

(Photo: Reuters)

ကယ်လီဖိုးနီးယားမှာ တောမီးကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး မြေဧက ၂.၅ သန်း မီးလောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်မှာ တောမီးကြောင့် မြေဧက ၄.၇ သန်း မီးလောင်ကျွမ်းခဲ့ပြီးဖြစ်ရာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်တယ်လို့ National Interagency Fire Center က ပြောထားပါတယ်။ အမေရိကန်မှာ တောမီးလောင်နေတဲ့ နေရာအများစုဟာ အနောက်ပိုင်းပြည်နယ်တွေမှာဖြစ်ပြီး စက်တင်ဘာ ၉ ရက်နေ့က နောက်ထပ် ကြီးမားတဲ့ တောမီးလောင်မှု ၁၇ ခု ထပ်တိုးလာခဲ့ပြီး နိုင်ငံတစ်ဝန်း စုစုပေါင်း တောမီးလောင်မှု ၉၆ ခု ရှိလာခဲ့ပါတယ်။

.

Share

Loading Next Article...
က္က