နေအိမ် ၇၀၀,၀၀၀ ကျော်ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။

အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်တွေကို ဟာရီကိန်းမုန်တိုင်းလော်ရာ (Hurricane Laura) ဝင်ရောက်တိုက်ခတ်ခဲ့ရာ အလွန်ပြင်းထန်တဲ့ လေတိုက်ခတ်မှုကြောင့် ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါခဲ့ကြောင်း National Hurricane Center (NHC) က ပြောပါတယ်။

(Photo: Getty Images)

မုန်တိုင်းကြောင့် လူဝီစီးယားနားပြည်နယ်မှာ လူ ၁၀ ဦးနဲ့ တက္ကဆက်ပြည်နယ်မှာ လူလေးဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ပြင်းအားအဆင့် ၄ (Category 3) အထိ အားကောင်းတဲ့ ဟာရီကိန်းလော်ရာကြောင့် အသက်ရှင်နိုင်ဖွယ်မရှိတဲ့ မုန်တိုင်းဒီရေလှိုင်းများ တက်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဟာရီကိန်းလော်ရာဟာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၅၀ အထိဖြင့် ကုန်းတွင်းပိုင်းကို ရွေ့လျားနေပါတယ်။



ထိုလေတိုက်နှုန်းအတိုင်း ဆက်ရှိနေပါက ဟာရီကိန်းလော်ရာဟာ အမေရိကန်ပင်လယ်ကွေ့ ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့ဖူးတဲ့ အားအကောင်းဆုံး မုန်တိုင်းတွေအနက် တစ်ခုအပါအဝင် ဖြစ်လာမယ်လို့ ဆိုပါတယ်။ NHC က နောက်ဆက်တွဲ ထုတ်ပြန်မှုအရ ဟာရီကိန်းလော်ရာဟာ ယခုအခါ Category 3 အဆင့်သို့ အားလျော့သွားပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ဖြင့် တိုက်ခတ်နေတယ်လို့ CNN သတင်းက ဖော်ပြပါတယ်။

(Photo: Getty Images)

မုန်တိုင်းအန္တရာယ်ကြောင့် တက္ကဆက်နဲ့ လူဝီစီးယားနား ပြည်နယ်တို့မှ လူဦးရေ သန်းတစ်ဝက် (လူဦးရေ ၅၀၀,၀၀၀) ကို ရွှေ့ပြောင်းကြရန် အစောပိုင်းမှာ ညွှန်ကြားထားခဲ့ပါတယ်။ ဟာရီကိန်းလော်ရာဟာ ဒေသစံတော်ချိန် ဩဂုတ် ၂၆ ရက် ညသန်းခေါင်ကျော်ပြီးချိန်မှာ လူဝီစီးယားနားပြည်နယ် Cameron ဒေသအနီးက‌နေ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက် သို့မဟုတ် လမ်းကြောင်းအနီးရှိနေကြတဲ့ ဒေသခံတွေကို အသက်အန္တရာယ် ကာကွယ်ရေး လုပ်ဆောင်ကြရန်နဲ့ ပြတင်းပေါက်များနဲ့ဝေးရာ အကာအကွယ်ပြုလုပ်ထားတဲ့ အတွင်းခန်းမှာ နေထိုင်ကြရန် NHC က သတိပေးထားပါတယ်။

(Photo: AP)

မုန်တိုင်း စတင်ဝင်ရောက်ခဲ့ပြီးနောက် လူဝီစီးယားပြည်နယ်မှာ နေအိမ် ၇၀၀,၀၀၀ ကျော်ဟာ ယနေ့ (ဩဂုတ် ၂၇ ရက်) မနက်အစောပိုင်းမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်မှာလည်း နေအိမ် ၄၅,၀၀၀ ကျော် ဓာတ်အားပြတ်တောက်နေခဲ့တယ်လို့ သိရပါတယ်။

ဟာရီကိန်းလော်ရာနဲ့ နောက်ထပ် မုန်တိုင်းတစ်ခုဖြစ်တဲ့ မာကို (Marco) တို့ ကာရေဘီယန်ဒေသမှာ အစောပိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့စဥ်ကလည်း လူ ၂၄ ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ မုန်တိုင်းမာကိုက လူဝီစီးယားနားပြည်နယ်ကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ တနင်္လာနေ့ (ဩဂုတ် ၂၄ ရက်) မှာ ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: AFP via Getty Images)

ကနဦးမှာ အဆိုပါ မုန်တိုင်းနှစ်ခုလုံးဟာ ဟာရီကိန်းမုန်တိုင်းအဖြစ် လူဝီစီးယားနားကို ၄၈ နာရီခြားပြီး ဝင်ရောက်တိုက်ခတ်မယ်လို့ စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ မာကိုက အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပါတယ်။ မုန်တိုင်းလော်ရာကတော့ Categor 3 အဆင့် မုန်တိုင်းအဖြစ် လျင်မြန်စွာ ပိုမိုအားကောင်းလာခဲ့ပြီး ၂၄ နာရီအတွင်း ၇၀ ရာခိုင်နှုန်း အားပိုကောင်းလာခဲ့တာ ဖြစ်ပါတယ်။

.

Share

Loading Next Article...
က္က