အမေရိကန်နိုင်ငံမှာ လူဦးရေ သန်း ၇၀ နဲ့ သန်း ၁၅၀ ကြား COVID-19 ဗိုင်းရပ်စ် ကူးစက်ခံနိုင်ကြောင်း ကွန်ဂရက်သို့ပေးပို့ထားတဲ့ ခန့်မှန်းခြေဖော်ပြမှုအရ သိရှိရကြောင်း လွှတ်တော်အမတ်တစ်ဦးက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
အမေရိကန်ကွန်ဂရက် (United States Congress) အမျိုးသမီးလွှတ်တော်အမတ် Rashida Tlaib က အောက်လွှတ်တော် (United States House of Representatives) မှာ သမ္မတရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များနဲ့ ကြားနာမှုတစ်ခုအတွင်း ထိုသို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်အမတ် Rashida Tlaib ရဲ့ ပြောကြားမှုက Axios နဲ့ NBC News အပါအဝင် အမေရိကန်မီဒီယာတွေရဲ့ အစောပိုင်း သတင်းဖော်ပြမှုတွေကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ "ကွန်ဂရက်ရဲ့ ဆရာဝန်က နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စုအတွင်း လူ သန်း ၇၀ နဲ့ သန်း ၁၅၀ ကြားက ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေ ဖြစ်လာမယ်လို့ သူ ခန့်မှန်းကြောင်း ပြောခဲ့ပါတယ်" လို့ လွှတ်တော်အမတ် Rashida Tlaib က ဆိုပါတယ်။
(Photo: AFP)
Axios သတင်းမှာ ဖော်ပြထားမှုအရ ဒေါက်တာဘရိုင်ယန်မိုနာဟန်က ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ခန့်မှန်းချက်တစ်ရပ်ကို အမေရိကန်အထက်လွှတ်တော် (United States Senate) အကြီးတန်းဝန်ထမ်းများထံသို့ မတ်လ ၁၀ ရက်နေ့က လွှဲပြောင်းပေးခဲ့ပြီး အဆိုးဆုံးအတွက် ပြင်ဆင်သင့်ကြောင်းနဲ့ ကျန်းမာစေရန် မည်သို့ နေထိုင်ရမည်ကိုလည်း ၎င်းတို့ကို အကြံပေးခဲ့တယ်လို့ သိရပါတယ်။
ခန့်မှန်းခြေဖော်ပြမှုအရ အမေရိကန်လူဦးရေ ၃၂၇ သန်းရဲ့ ၄၆ ရာခိုင်နှုန်းခန့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကြောင်း ပြောထားပါတယ်။ အမေရိကန်ကွန်ဂရက်သို့ ပေးပို့ထားတဲ့ ခန့်မှန်းခြေဖော်ပြမှုနဲ့ ယခု သီတင်းပတ်အတွင်း ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်က သတိပေးခဲ့မှုတို့ကို အလားတူသဘော ဖြစ်နေပါတယ်။ မာကယ်လ်က သူမရဲ့ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။
(Photo: Lindsey Wasson/Reuters)
လွှတ်တော်အမတ် Rashida Tlaib က ယခု ခန့်မှန်းဖော်ပြမှုနဲ့ ပတ်သက်ပြီး မှန်ကန်တိကျကြောင်း ယုံကြည်ခြင်းရှိ မရှိ National Institute of Allergy and Infectious Diseases (NIAID) မှ အကြီးအကဲ Anthony Fauci ကို မေးမြန်းခဲ့ပါတယ်။ ထိုသို့ မေးမြန်းရာမှာ Anthony Fauci က "ကျွန်တော်တို့ ဒီလို ခန့်မှန်းတွက်ချက်မှုမျိုးတွေကို သတိထားဖို့ လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒါက တွက်ချက်မှု ပုံစံတစ်ခုပေါ်မှာ အခြေခံထားလို့ပါ၊ တွက်ချက်မှုပုံစံ အားလုံးကတော့ ထည့်သွင်းအသုံးပြုတဲ့ ယူဆချက်တွေ ကောင်းရင်းကောင်းသလောက်ပါပဲ" လို့ Anthony Fauci ပြောခဲ့ပါတယ်။
NIAID အကြီးအကဲ Anthony Fauci က ကွန်ဂရက်သို့ မတ်လ ၁၁ ရက်နေ့မှာ ပေးပို့ခဲ့တဲ့ နောက်ဆုံး ခန့်မှန်းခြေအရ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းဟာ မပြင်းထန်တဲ့ ရောဂါဖြစ်ပွားပြီး စုစုပေါင်း သေဆုံးမှုနှုန်းမှာ တစ်ရာခိုင်နှုန်းဝန်းကျင် ဖြစ်တယ်လို့လည်း သိရပါတယ်။ ယနေ့ (မတ်လ ၁၃ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၃၂၃ ဦးရှိပြီး ၃၈ ဦး သေဆုံးခဲ့ပါတယ်။
Source: AFP, CNBC, Axios