အမေရိကန်ပြည်နယ် ၂၁ ခုအတွင်း စစ်ဆေးမှုတွေအရ ကူးစက်မှုဟာ ၅ ရာခိုင်နှုန်းအထက်ရှိခဲ့ပါတယ်။

ဖလော်ရီဒါနဲ့တက္ကဆက် အပါအဝင် အမေရိကန်ပြည်နယ် ၁၀ ခုထက်မနည်းမှာ ဇွန်လအတွင်း COVID-19 ကူးစက်မှုများ နှစ်ဆကျော် ဖြစ်လာခဲ့ကြောင်း Reuters သတင်းဌာနရဲ့ ဇွန် ၃၀ ရက်နေ့ လေ့လာသုံးသပ်မှုတစ်ခုက ဖော်ပြပါတယ်။

(Photo: Sam Greenwood/Bloomberg)

အာရီဇိုးနားပြည်နယ်မှာ ဇွန်လအတွင်း ကူးစက်မှုအများဆုံး ဖြစ်လာပြီး ၂၉၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ အာရီဇိုးနားပြီးပါက တောင်ကာရိုလိုင်းနားနဲ့ အာကင်ဆက်ပြည်နယ်တွေမှာလည်း ကူးစက်မှုတွေ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အလာဘားမား၊ နီဗာဒါး၊ မြောက်ကာရိုလိုင်းနား၊ အိုကလာဟိုမားနဲ့ ယူတားပြည်နယ်တွေမှာ COVID-19 ကူးစက်မှုများ နှစ်ဆဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။



အမေရိကန်တစ်နိုင်ငံလုံးမှာ ကူးစက်မှုတွေ ၄၃ ရာခိုင်နှုန်းထက်မနည်း မြင့်တက်လာခဲ့ပြီး သေဆုံးမှုနှုန်းလည်း ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ပြည်နယ်အချို့ကတော့ ဇွန် ၃၀ ရက်နေ့မှာ ကူးစက်မှုအရေအတွက် မထုတ်ပြန်ရသေးပါဘူး။ ကမ္ဘာနိုင်ငံအများအပြားမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး အခြေအနေကို ကျော်လွန်ခဲ့ပြီလို့ ယူဆရစဥ် အမေရိကန်နဲ့ အရေအတွက် အနည်းငယ်မျှဖြစ်တဲ့ အခြား နိုင်ငံတွေမှာတော့ ကူးစက်မှုတွေ နေ့စဥ် ကြီးကြီးမားမား မြင့်တက်နေဆဲ ဖြစ်ပါတယ်။

(Photo: Reuters)

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကြောင့် ခြောက်လအတွင်း အမေရိကန်မှာ ၁၂၉,၀၀၀ ကျော် အပါအဝင် ကမ္ဘာတစ်ဝှမ်း လူဦးရေ ၅၁၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပြင်းအထန် တုံ့ပြန်ဆောင်ရွက်မှု၊ တင်းကျပ်တဲ့ lockdown အစီအမံများ လုပ်ဆောင်မှုနဲ့ နေအိမ်ပြင်ပ သွားလာစဥ် မဖြစ်မနေ mask တပ်ဆင်ရတဲ့ စည်းမျဥ်းစည်းကမ်းတွေက အာရှနဲ့ ဥရောပ နိုင်ငံအတော်များများမှာ COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အထောက်အကူ ဖြစ်ခဲ့ပါတယ်။

(Photo: FT)

အမေရိကန်မှာတော့ mask တပ်ခြင်းဟာ နိုင်ငံရေးအရ သဘောထားကွဲလွဲစရာ ကိစ္စတစ်ခုဖြစ်ခဲ့ပြီး ပြည်နယ်အများအပြားကလည်း အစိုးရကျန်းမာရေးဌာန စိတ်ချရပြီဖြစ်ကြောင်း သတ်မှတ်ထောက်ခံမှု မရှိဘဲ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်လုပ်ကိုင်ရန် စတင်ခွင့်ပြုပေးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်ပြည်နယ် ၂၁ ခုအတွင်း စစ်ဆေးမှုတွေအရ ကူးစက်မှုဟာ ၅ ရာခိုင်နှုန်းအထက်ရှိခဲ့ပြီး ထိုကူးစက်မှုနှုန်းကို WHO က စိုးရိမ်စရာအဖြစ် သတ်မှတ်ထားပါတယ်။ အာရီဇိုးနားပြည်နယ်ဟာ COVID-19 ကူးစက်ခံမှုနှုန်း အများဆုံးဖြစ်ခဲ့ပြီး ၂၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။

(Photo: Reuters)

ဇွန်လအတွင်း နယူးယော့ခ်၊ မက်ဆာချူးဆက်၊ ကွန်နက်တီကတ်နဲ့ နယူးဂျာစီ ပြည်နယ်လေးခုမှာသာ ကူးစက်မှုနှုန်း ၁၀ ရာခိုင်နှုန်းအောက် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ COVID-19 ကပ်ရောဂါ ဗဟိုချက်နေရာဖြစ်ခဲ့တဲ့ နယူးယော့ခ်မှာ ဇွန်လအတွင်း ကူးစက်မှု ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ အနည်းဆုံးဖြစ်ပါတယ်။

နယူးယော့ခ်မှာ တင်းကျပ်တဲ့ lockdown အစီအမံနဲ့ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်ကမ်းတွေ လုပ်ဆောင်ခဲ့ခြင်းဖြင့် ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အကူအညီဖြစ်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်၊ သေဆုံးသူ ၅၁၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၅.၇ သန်းကျော်ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က