ရဲတပ်ဖွဲ့က လူမည်းအမျိုးသားကို ပစ်ခတ်ခဲ့မှုအပေါ် တတိယမြောက်ညအဖြစ် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဝစ်ကွန်ဆင်ပြည်နယ်မှာ ရဲတပ်ဖွဲ့က လူမည်းအမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့မှုအပေါ် ကီနိုရှာမြို့ (Kenosha) မှာ တတိယမြောက်ညအဖြစ် ဆန္ဒပြ ဆူပူအုံကြွမှု ဆက်လက် ဖြစ်ပွားခဲ့မှုအတွင်း လူနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သည့် ဂျက်ကော့ဘ်နှင့် ၎င်းရဲ့ကလေးများ) (Photo: Bencrump.com)

အသက် ၂၉ နှစ်အရွယ် ဂျက်ကော့ဘ်ဘလိတ် အမည်ရှိ အမျိုးသားဟာ ဩဂုတ် ၂၃ ရက်နေ့က ၎င်းရဲ့ ကလေးတွေရှိနေခဲ့တဲ့ ကားအတွင်း ဝင်ရောက်နေစဥ် ရဲတပ်ဖွဲရဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ကားထဲကို ဝင်ရန်ပြင်နေတဲ့ ဂျက်ကော့ဘ်ကို အနောက်ကနေ သေနတ်ဖြင့် ခုနစ်ချက်အထိ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။



ဂျက်ကော့ဘ်က ၎င်းရဲ့ကားထဲကို ဝင်ရန်ပြင်ခဲ့စဥ် ကားထဲမှ လက်နက်တစ်စုံတစ်ခု ရယူရန်ကြိုးပမ်းတယ်လို့ ရဲအရာရှိတွေက ယူဆခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဂျက်ကော့ဘ်ဟာ ကျောရိုးမကြီး ထိခိုက်သွားခဲ့ပြီး လမ်းလျှောက်နိုင်ခြင်း မရှိတော့ဘဲ မသန်စွမ်းတစ်ဦး ဖြစ်သွားခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

(Photo: Anadolu Agency via Getty Images)

၎င်းရဲ့မိသားစုကတော့ အံ့ဩဖွယ်ရာဖြစ်ရပ်တစ်ခုအဖြစ် ဂျက်ကော့ဘ် လမ်းပြန်လျှောက်နိုင်ရန် မျှော်လင့်ထားပါတယ်။ သို့သော် လက်ရှိ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုအရ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်တွေဟာ ဂျက်ကော့ဘ်ရဲ့ ကျောရိုးမကြီးကို ထိမှန်ခဲ့ပြီး လမ်းလျှောက်နိုင်ရန် မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

ဂျက်ကော့ဘ်ရဲ့သတင်းကို ကြားသိရပြီးနောက် ဝစ်ကွန်ဆင်ပြည်နယ်မှာ ဆန္ဒပြ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့ ဂျက်ကော့ဘ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတို့ဖြင့် ဖမ်းဝရမ်းထုတ်ထားခဲ့ကြောင်း တရားရုံးမှတ်တမ်းက ဖော်ပြပါတယ်။ သို့သော် တိုင်ကြားမှုအရ ဂျက်ကော့ဘ်ထံ ရောက်ရှိလာတဲ့ ရဲအရာရှိတွေက ဝရမ်းထုတ်ထားမှုကို သိထားခြင်းရှိ မရှိ ရဲတပ်ဖွဲ့က မပြောခဲ့ဘူးလို့ BBC က ဖော်ပြပါတယ်။

(Photo: Brendan Gutenschwager)

ဂျက်ကော့ဘ်ကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ (ဩဂုတ် ၂၅ ရက်) ညပိုင်း ဆူပူအုံကြွမှုအတွင်း ပစ်ခတ်ခံရမှုကြောင့် လူသေဆုံးဒဏ်ရာရမှု ဖြစ်ရပ်မှာ ဆန္ဒပြသူတွေနဲ့ ဓာတ်ဆီဆိုင်အစောင့် လက်နက်ကိုင်အမျိုးသားတို့ ထိပ်တိုက်တွေ့မှု ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုအချိန်မှာ ဆန္ဒပြမှုတွေက အကြမ်းဖက်မှုအသွင် ဖြစ်နေခဲ့ပြီး အဆောက်အအုံတွေ အပျက်အစီး ဖြစ်ပေါ်ခဲ့ပါတယ်။

ကီနိုရှာရဲတပ်ဖွဲ့ (Kenosha Police) က ထုတ်ပြန်မှုအရ ဩဂုတ် ၂၅ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူ နောက်တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုနဲ ပတ်သက်ပြီး အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်အမျိုးသားကို လူသတ်မှုဖြင့် ဖမ်းဆီးစွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

(Photo: AP)

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဓာတ်ဆီဆိုင်အပြင်ဘက်မှာ သေနတ်များ ကိုင်ဆောင်ထားတဲ့ အမျိုးသားအုပ်စုတစ်ခုကို အဓိက စုံစမ်းစစ်ဆေးသွားမယ်လို့ ကီနိုရှာကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ David Beth က အစောပိုင်းမှာ New York Times သတင်းဌာနကို ပြောခဲ့ပါတယ်။ ဆန္ဒပြ ဆူပူအုံကြွမှုအတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ နှစ်ဦးအနက် တစ်ဦးဟာ ဦးခေါင်းကို ပစ်ခတ်ခံရပြီး နောက်တစ်ဦးကတော့ ရင်ဘတ်ကို ပစ်ခတ်ခံခဲ့ရကြောင်း David Beth က ဆိုပါတယ်။

ဝစ်ကွန်ဆင်ပြည်နယ် အုပ်ချုပ်ရေးမှူး Tony Evers က ဆူပူအုံကြမှုတွေ ဖြစ်ပွားနေတဲ့ ကီနိုရှာမြို့ကို နောက်ထပ် အစောင့်တပ်ဖွဲ့ဝင်များ စေလွှတ်ချထားမယ်လို့ ပြေထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ ဆူပူအုံကြွမှုများအတွင်း အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ဆိုင်များကိုဖျက်ဆီးပြီး ပစ္စည်းများလုယက်ယူဆောင်ခြင်းနဲ့ ကားများကို မီးရှို့ခြင်းတို့ ဖြစ်ပွားခဲ့ပြီး ဝစ်ကွန်ဆင်ပြည်နယ်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က