ကျောင်းမတက်မီ မနက်အစောပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆယ်ကျော်သက်တစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် ကျောင်းသူကျောင်းသားနှစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။

(Photo: KTLA)

လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက် မိုင် ၄၀ အကွာ စန်တာကလာရီတာမြို့ရှိ Saugus အထက်တန်းကျောင်းဝင်းအတွင်း ဒေသစံတော်ချိန် နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းအစောပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းဝင်းအတွင်း ပစ်ခတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။



ယမန်နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၈ မိနစ်မှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း ပထမဆုံး သတင်းပေးတိုင်ကြားမှု လက်ခံရရှိခဲ့ကြောင်း လော့စ်အိန်ဂျိလိစ်ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ အဲလက်စ်ဗီလီယန်ဗီဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

(Photo: Ringo HW Chiu/AP)

ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် အရေးပေါ် ဖုန်းခေါ်ဆိုမှုများရှိခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားတဲ့ အထက်တန်းကျောင်းကို နှစ်မိနစ်အတွင်း ရောက်ရှိသွားခဲ့တယ်လို့ အဲလက်စ်က ဆိုပါတယ်။ ရဲတပ်ဖွဲ့က သေနတ်ဒဏ်ရာများရရှိထားသူ ခြောက်ဦးကို တွေ့ခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကျောင်းဝင်းအတွင်း ပစ်ခတ်ခဲ့ကြောင်း သံသယရှိသူဟာ ဒဏ်ရာရသူများအနက်မှ တစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒဏ်ရာရသူတွေအနက် အသက် ၁၆ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

(Photo: Marcio Jose Sanchez/AP)

အခြား ဒဏ်ရာရသူသုံးဦးမှာ အသက် ၁၅ နှစ်နဲ့ ၁၄ နှစ်အရွယ် မိန်းကလေးနှစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ဖြစ်ကြောင်း BBC သတင်းမှာ ဖော်ြပပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ သံသယရှိသူ ဆယ်ကျော်သက်ဟာ ၎င်းရဲ့ ကျောပိုးအိတ်ထဲမှ သေနတ်တစ်လက်ကို ဆွဲထုတ်ကာ ကျောင်းသူကျောင်းသား ငါးဦကို ပစ်ခတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

(Photo: KNBC)

အခင်းဖြစ်နေရာမှာ .45 calibre semi-automatic ပစ္စတိုသေနတ်တစ်လက်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သံသယရှိသူ ဆယ်ကျော်သက်ရဲ့ နေအိမ်လိပ်စာကို စုံစမ်းခဲ့ပြီးနောက် သက်သေအထောက်အထားအတွက် သွားရောက်ရှာဖွေမယ်လို့ ပြောထားပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အထက်တန်းကျောင်းမှာ ကျောင်းသူကျောင်းသား ၂,၄၀၀ တက်ရောက်နေကြကြောင်း သိရပါတယ်။


- နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အပြောင်းအလဲ ရှိနိုင်ပါတယ်

Share

Loading Next Article...
က္က