စိန့်ပီတာစဘတ်မြို့မှာ နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန်ကြံစည်မှု ရှိခဲ့ပါတယ်။

ရုရှားမြေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မယ့် အကြံအစည်ကို အမေရိကန်ထောက်လှမ်းရေး အကူအညီဖြင့် ဖော်ထုတ်ဟန့်တားနိုင်ခဲ့ပြီး သမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကျေးဇူးတင်စကားပြောခဲ့ကြောင်း ရရှားသမ္မတနန်းတော် ကရင်မလင်က ထုတ်ပြန်ပါတယ်။

(စိန့်ပီတာစဘတ်မြို့ မြင်ကွင်းတစ်ခု) (Photo: Ninara/flickr)

ပူတင်နဲ့ထရန့်တို့ဟာ ယမန်နေ့ (ဒီဇင်ဘာ ၂၉ ရက်) က ဖုန်းပြောခဲ့ကြတယ်လို့ နန်းတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ထောက်လှမ်းရေးမှတစ်ဆင့် သတင်းအချက်အလက်ရခဲ့ကြောင်း သိရပြီး အသေးစိတ်ကိုတော့ ပြောကြားထားခြင်း မရှိပါဘူး။



ရုရှားမီဒီယာတွေမှာ ဖော်ပြမှုအရ စိန့်ပီတာစဘတ်မြို့မှာ နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မယ့် အကြံအစည်တစ်ခုကို ဖော်ထုတ်ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။ နှစ်သစ်ကြိုဆိုပွဲအတွက် အများအပြား စုဝေးနေစဥ် တိုက်ခိုက်ရန်ကြံစည်နေတဲ့ ရုရှားနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း TASS သတင်းဌာနက ရုရှားထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့အစည်း FSB ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

(အမေရိကန်သမ္မတထရန့်နှင့် ရုရှားသမ္မတပူတင်) (Photo: Getty Images)

ပူတင်နဲ့ထရန့်တို့ နှစ်ဦးကြား ထရန့် အမေရိကန်သမ္မတဖြစ်လာပြီးနောက်ပိုင်း ဖုန်းဆက်သွယ်ပြောဆိုမှုတွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦးက ဖုန်းပြောရာမှာ ဆီးရီးယားအရေး၊ နျူကလီးယားသဘောတူညီချက်ကိစ္စရပ်များ၊ မြောက်ကိုရီးယားအရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို မကြာခဏ ပြောလေ့ရှိကြောင်းလည်း သိရပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အမေရိကန်ထောက်လှမ်းရေးထံမှ ရရှိခဲ့တဲ့ သတင်းအရ စိန့်ပီတာစဘတ်မှာ အကြမ်းဖက်တိုက်ခိုက်မယ့် အကြံအစည်ကို ဟန့်တားနိုင်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ပူတင်နဲ့ ထရန့်တို့ကြား ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးကောင်မွန်ပြီး အကြမ်းဖက်မှုမှာ ပူပေါင်းဆောင်ရွက်ရန် ကြွေးကြော်ထားကြပေမဲ့လည်း ခရိုင်မီးယားအရေးနဲ့ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ ကိစ္စတွေအပေါ် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(မော်စကိုမှာ ကျင်းပပြုလုပ်သည့် Victory Day စစ်ရေးပြအခမ်းအနား) (Photo: NEWS.CN)

၂၀၁၄ ခုနှစ်မှာ ရုရှားက အိမ်နီးချင်း ယူကရိန်းနိုင်ငံထံမှ ခရိုင်မီးယားကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူနဲ့ပတ်သက်ပြီး ရုရှားနဲ့အမေရိကန် ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ ထို့အတူ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးက ကောက်ချက်ချခဲ့စဥ်ကလည်း နှစ်နိုင်ငံကြား တင်းမာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

သို့သော် ပူတင်နဲ့ထရန့်တို့ကြား ပုဂ္ဂိုလ်ရေးဆက်ဆံမှုကတော့ ကောင်းမွန်နေခဲ့ပြီး လာမယ့်နှစ် မေလအတွင်း မော်စကိုမြို့မှာ ကျင်းပပြုလုပ်မယ့် Victory Day အခမ်းအနားသို့ တက်ရောက်ရန် ပူတင်က ဖိတ်ကြားထားပြီး ထရန့်ကလည်း တက်ရောက်ရန် စဥ်းစားနေတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က