တောမီးလောင်မှုတွေကို မီးသတ်သမား ၂၀,၀၀၀ ကျော်က ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြပါတယ်။

အမေရိကန် အနောက်ဘက်ကမ်းရိုးတန်း ပြည်နယ်တွေမှာ လေပြင်းတိုက်မှုနဲ့အတူ သစ်တောများနဲ့ မြို့ငယ်များမှာ ယမန်နေ့ (စက်တင်ဘာ ၁၀ ရက်) က တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေခဲ့ရာ နေအိမ်အလုံးရေ ရာနဲ့ချီ မီးလောင်ပျက်စီးပြီး ယခု သီတင်းပတ်အတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ လေးဦး၊ အော်ရီဂွန်ပြည်နယ်မှာ လေးဦးနဲ့ ဝါရှင်တန်ပြည်နယ်မှာ အသက်တစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။ နောက်ပိုင်းမှာတော့ ယခု တစ်ပတ်အတွင်း တောမီးကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့မှာ သတိပေး ပြောကြားခဲ့ပါတယ်။



ပြည်နယ်သုံးခုမှာ လူဦးရေ ထောင်နဲ့ချီ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားခဲ့ပါတယ်။ အမေရိကန် အနောက်ပိုင်းပြည်နယ်များတစ်လျှောက် တောမီးလောင်မှု ၁၀၀ နီးပါး ဖြစ်ပွားနေခဲ့ပြီး အော်ရီဂွန်ပြည်နယ်မှာ တောမီးလောင်မှု သုံးဒါဇင်နီးပါးကို မီးသတ်သမား ၃,၀၀၀ ခန့်က ကြိုးပမ်းငြှိမ်းသတ်နေကြောင်း သိရပါတယ်။ အော်ရီဂွန်တောမီးလောင်မှုတွေအနက် အနည်းဆုံးတစ်ခုနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးခဲ့ပါတယ်။

(Photo: Reuters)

အော်ရီဂွန်ပြည်နယ်မှာ မြေဧက ၉၀၀.၀၀၀ မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၅၀၀,၀၀၀ ခန့်ကို တောမီးအန္တရာယ်ကြောင့် ရွှေ့ပြောင်းစေခဲ့ပါတယ်။ အော်ရီဂွန်တောမီးလောင်မှုအတွင်း လူအရေအတွက် ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ လူဦးရေအထူထပ်ဆုံး ကယ်လီဖိုးနီးယားမှာလည်း လူဦးရေ ၆၄,၀၀၀ ခန့်ကို ရွှေ့ပြောင်းရန် ညွှန်ကြားထားပြီး မီးသတ်သမားတွေက ပြည်နယ်တစ်ဝန်း အဓိက တောမီးလောင်မှုကြီး ၂၉ ခုကို ငြှိမ်းသတ်ရန် ကြိုးပမ်းနေခဲ့ပါတယ်။

ကယ်လီဖိုးနီးယားတစ်ဝန်း မြေဧက ၃.၁ သန်းကျော်မှာ တောမီးလောင်ကျွမ်းခဲ့ပြီး ပြည်နယ်သမိုင်းတစ်လျှောက် အကြီးဆုံး တောမီးလောင်မှု ၂၀ အနက် ခြောက်ခုဟာ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်မှာ တောမီးကြောင့် မြေဧက ၄.၇ သန်း မီးလောင်ကျွမ်းခဲ့ပြီးဖြစ်ရာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်တယ်လို့ National Interagency Fire Center က ပြောထားပါတယ်။

(Photo: Reuters)

စက်တင်ဘာ ၁၀ ရက် တစ်ရက်တည်းမှာပင် ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နဲ့ ဝါရှင်တန် ပြည်နယ်တွေမှာ မြေဧက ထောင်ပေါင်းများစွာ တောမီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အော်ရီဂွန်ပြည်နယ်မှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်းဖြင့် လေတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေခဲ့ရာ တောမီးလောင်မှုတွေကို ပိုမိုအားကောင်းစေခဲ့ပြီး မြို့ငယ်များ မီးလောင်ပျက်စီးခဲ့ပါတယ်။ အမေရိကန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေကို မီးသတ်သမား ၂၀,၀၀၀ ကျော်က ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြကြောင်း သိရပါတယ်။

Source: Reuters, Al Jazeera, BBC

Share

Loading Next Article...
က္က