အီရန်ဗိုလ်ချုပ်ကြီးကို ၎င်းရဲ့ဇာတိမြို့မှာ မြှုပ်နှံသွားမှာဖြစ်ပါတယ်။

အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ အီရန်စစ်တပ်မှ အရေးပါတဲ့ ဗိုလ်ချုပ်ကြီး ကွာဆမ်ဆိုလီမန်နီရဲ့ ဈာပနအခမ်းအနားကို အီရန်ပြည်သူ ထောင်ပေါင်းများစွာ စုဝေးတက်ရောက်ခဲ့ကြရာမှာ လူအုပ်လဲပြိုမှုကြောင့် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အီရန်နိုင်ငံ ကာမန်မြို့မှာ ယနေ့ (ဇန်နဝါရီ ၇ ရက်) ပြုလုပ်ခဲ့တဲ့ ဈာပနအခမ်းအနားအတွင်း လူအုပ်လဲပြိုမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အခြား လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။ လူအုပ်လဲပြိုမှုကြောင့် သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးဆိုလီမန်နီကို မြှုပ်နှံမယ့် ဈာပနအစီအစဥ်ကို ဆိုင်းငံ့ထားပြီး ပြန်လည်ပြုလုပ်မယ့်အချိန်ကို ကြေညာသွားမယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။



အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးဆိုလီမန်နီရဲ့ ရုပ်အလောင်းကို ၎င်းရဲ့ဇာတိမြို့ ကာမန်မှာ ဈာပနအခမ်းအနားဖြင့် ယနေ့ မြှုပ်နှံတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဆိုလီမန်နီရဲ့ ဈာပနအခမ်းအနားကို အီရန်ပြည်သူ သိန်းနဲ့ချီ လာရောက်ကြမယ်လို့ အစောပိုင်းကတည်းက ခန့်မှန်းထားခဲ့ကြပါတယ်။

(Photo: Getty Images)

အီရန်ရဲ့ အရေးပါတဲ့ ဗိုလ်ချုပ်ကြီးဆိုလီမန်နီ အသတ်ခံရမှုက အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ ဆိုလီမန်နီဟာ အီရန်မှာ ခေါင်းဆောင်ကြီး ခါမေနီပြီးပါက ဒုတိယ ဩဇာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆရပါတယ်။ အမေရိကန်နိုင်ငံက ၎င်းကို အကြမ်းဖက်သမားတစ်ဦးအဖြစ်နဲ့ အမေရိကန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်အန္တရာယ်ပေးနိုင်သူလို့ ရှုမြင်ထားပါတယ်။

သမ္မတဒေါ်နယ်ထရန့်ရဲ့ တိုက်ရိုက်အမိန့်ပေးညွှန်ကြားမှုအရ အမေရိကန်တပ်ဖွဲ့က အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီကို ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းမှာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၎င်းရဲ့ယာဥ်တန်းရောက်ရှိလာစဥ် ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။

(Photo: Reuters)

ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို အီရန်လိုလားတဲ့ လူအုပ်စုက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးနောက် သမ္မတထရန့်က အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီကိုသတ်ရန် အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ အသတ်ခံရမှုအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်သမ္မတထရန့်ကလည်း အီရန်က လက်တုံ့ပြန် တိုက်ခိုက်လာပါက အီရန်နိုင်ငံရှိ ယဥ်ကျေးမှုဆိုင်ရာ အဆောက်အအုံနဲ့ နေရာများအပါအဝင် ပစ်မှတ် ၅၂ ခုကို တိုက်ခိုက်သွားမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်က အီရန်ဗိုလ်ချုပ်ကြီးကို သတ်လိုက်ပြီးနောက် အီရတ်လွှတ်တော်က ၎င်းတို့နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာရန်ကိစ္စကို ဆုံးဖြတ်ခဲ့ပါတယ်။

(Photo: Reuters)

သို့သော် အမေရိကန်တပ်ဖွဲ့များ အီရတ်မှထွက်ခွာ‌မှာ မဟုတ်သေးကြောင်း အမေရိကန်စစ်ဘက်က ပြောထားပါတယ်။ သမ္မတထရန့်ကလည်း အမေရိကန်တပ်ဖွဲ့များ အီရတ်မှထွက်ခွာရပါက အီရတ်ကို အရေးယူပိတ်ဆို့မယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ နျူကလီးယားအရေး သဘောတူညီချက်ကိစ္စနဲ့ ပတ်သက်ပြီး အစောပိုင်းကတည်းက ဆက်ဆံရေးတင်းမာနေခဲ့ရာ ယခုလက်ရှိ အခြေအနေများအရ စစ်ရေးတင်းမာမှုတွေရှိလာပြီး စစ်မက်ဖြစ်ပွားလာနိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။



Share

Loading Next Article...
က္က