နယူးယော့ခ်မှ အိမ်မွေးကြောင်နှစ်ကောင်ထံမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
Ko John

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံမှာ အိမ်မွေးတိရိစ္ဆာန်တွေကို ဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိလာရကြောင်း တာဝန်ရှိသူတွေက ဧပြီ ၂၂ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

(Photo: Reuters)

နယူးယော့ခ်ပြည်နယ်ရဲ့ မတူညီတဲ့နေရာတွေမှ အိမ်မွေးကြောင်နှစ်ကောင်ထံမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရကြောင်း စိုက်ပျိုးမွေးမြူရေးဌာနနဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Centers for Disease Control and Prevention - CDC) တို့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကြောင်နှစ်ကောင်းလုံးမှာ မပြင်းထန်တဲ့ ရောဂါလက္ခဏာများတွေ့ရပြီး အပြည့်အဝ ပြန်လည်သက်သာသွားမယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကြောင်နှစ်ကောင်အနက်မှ တစ်ကောင်ရဲ့ ပိုင်ရှင်ဖြစ်သူဟာ အစောပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် အိမ်မွေးကြောင်ထံမှာလည်း ရောဂါလက္ခဏာများပြလာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: AFP)

နောက်ထပ် ကြောင်တစ်ကောင်ကို မွေးမြူထားတဲ့ နေအိမ်မှ မိသားစုတွေကတော့ COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုထားခြင်းမရှိဘူးလို့ ဆိုပါတယ်။ "ဒီကြောင်ကိုတော့ အိမ်မှာရှိတဲ့ မိသားစုတွေထဲက မပြင်းထန်တဲ့ ရောဂါလက္ခဏာရှိသူ ဒါမှမဟုတ် ရောဂါလက္ခဏာမပြသူဆီကနေ ကူးစက်သွားခဲ့ဖွယ်ရှိပါတယ်၊ ဒီလိုမဟုတ်ရင်တော့ အိမ်အပြင်ဘက်မှာ ဗိုင်းရပ်စ်ရှိသူတစ်ဦးနဲ့ ထိတွေ့မှုကနေတစ်ဆင့် ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ထိုအိမ်မှာပင်ရှိတဲ့ နောက်ထပ် ကြောင်တစ်ကောင်မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာများမတွေ့ရကြောင်း ထုတ်ပြန်ချက်က ဖြည့်စွက်ဖော်ပြပါတယ်။ အမေရိကန်မှာ နယူးယော့ခ်ပြည်နယ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးလည်း ဖြစ်နေပါတယ်။

(Photo: AFP)

ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေက တိရိစ္ဆာန်တွေမှာ COVID-19 သက်ရောက်မှုကို လေ့လာနေဆဲဖြစ်ပြီး အမေရိကန်မှာ အိမ်မွေးတိရိစ္ဆာန်တွေကနေတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တဲ့ အထောက်အထား မရှိကြောင်း ပြောထားမှုနဲ့ ပတ်သက်ပြီး စိုက်ပျိုးမွေးမြူရေးဌာနဲ့ CDC တို့က စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

အိမ်မွေးတိရိစ္ဆာန်တွေမှာ ဗိုင်းရပ်စ် မည်သို့ ကူးစက်ကြောင်းကို လေ့လာနေစဥ်မှာ ကြောင်တွေနဲ့ ခွေးတွေကို သီးခြားခွဲထားရန် ကျန်းမာရေးတာဝန်ရှိသူတွေက အကြံပြု ပြောကြားထားပါတယ်။ CDC ကလည်း ကြောင်တွေကို အခြား တိရိစ္ဆာန်တွေ သို့မဟုတ် လူတွေနဲ့ ထိတွေ့မှုမရှိစေရန် အိမ်ထဲမှာထားကြရန် အကြံပြုခဲ့ပါတယ်။ ခွေးတွေကို အပြင်ခေါ်သွားပါက လည်ပတ်ကြိုးဖြင့် ထိန်းထားသင့်ကြောင်းနဲ့ ခွေးကျောင်းတဲ့နေရာတွေကို ခေါ်မသွားသင့်ကြောင်းလည်း CDC က ပြောပါတယ်။

(Photo: AFP)

ထို့အတူ COVID-19 ကူးစက်ခံထားရနိုင်သူတွေ အနေနဲ့ ၎င်းတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ထိတွေ့ခြင်းမပြုကြရန် CDC က အကြံပြုထားပါတယ်။ ယခုလအစောပိုင်းက နယူးယော့ခ်မြို့ရှိ Bronx Zoo တိရိစ္ဆာန်ရုံမှ ကျားတစ်ကောင်ထံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး COVID-19 ရောဂါလက္ခဏာမပြတဲ့ ကျားထိန်းကျောင်းသူတစ်ဦးထံကနေ ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဟောင်ကောင်မှာလည်း အိမ်မွေးကြောင်းကို ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း မတ်လနှောင်းပိုင်းက စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

Source: AFP


က္က