ဝါရှင်တန်ပြည်နယ်မှာနေထိုင်သူ အမျိုးသမီးတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုရှိလာခဲ့ကြောင်း သိရပါတယ်။

(Photo: Justin Lane/EPA-EFE)

ဝါရှင်တန်ပြည်နယ် အနောက်မြောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မြေပေါ်မှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုရှိလာပြီးနောက် ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အလွန်အကျွံ ကြောက်လန့်ခြင်းမဖြစ်ကြရန် သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။



သမ္မတထရန့်ရဲ့ ပြောကြားမှုအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူ အမျိုးသမီးဟာ အသက် ၅၀ ကျော်အရွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိလာနိုင်ကြောင်း၊ သို့သော် အမေရိကန်က အကျိုးဆက်မှန်သမျှအတွက် ကြိုတင်ပြင်ဆင်ထားကြောင်းလည်း ထရန့်က ပြောခဲ့ပါတယ်။


(Photo: Bangkok Post)

အာဏာပိုင်တွေက အီရန်သို့ ခရီးသွားလာမှု ကန့်သတ်ချက်တွေ တိုးချဲ့ထားကြောင်းနဲ့ အမေရိကန်နိုင်ငံသားတွေကို အီတလီနဲ့ တောင်ကိုရီးယားရှိ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေတဲ့ နေရာဒေသများသို့ မသွားကြရန် တိုက်တွန်းထားကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန် ဝါရှင်တန်ပြည်နယ်မှာနေထိုင်သူ အမျိုးသမီးဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားခဲ့ကြောင်း ဖေဖေါ်ဝါရီ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရန့်က အတည်ပြုခဲ့ပါတယ်။ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အမျိုးသမီးရဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ခြင်း မရှိပေမဲ့ ၎င်းဟာ King County မှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Stefan Jeremiah)

အမေရိကန်မှာ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ နေရာတွေကို ခရီးသွားခဲ့ခြင်း မရှိဘူးလို့လည်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ယနေ့ (မတ်လ ၁ ရက်) မနက်အစောပိုင်းအထိ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇ ဦးရှိလာပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် မတ်လ ၁ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၂,၈၃၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၂,၉၄၁ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။



(Photo: AFP)

ဖေဖေါ်ဝါရီ ၂၉ ရက် ညပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၇၉,၃၉၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၆,၀၉၁ ဦးရှိပြီး ပြန်လည်သက်သာလာသူ ၃၉,၇၆၁ ဦးရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က