လက်ရှိအချိန်အထိ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၂,၈၅၇ ဦးရှိပါတယ်။
Ko John

COVID-19 ကူးစက်မှုတွေ အများဆုံးဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း နောက်ထပ် လူ ၂,၀၀၀ နီးပါး သေဆုံးခဲ့ပြီး နေ့စဥ် သေဆုံးမှုနှုန်း အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

(Photo: Reuters)

Johns Hopkins တက္ကသိုလ်ရဲ့ ဧပြီ ၇ ရက်ညပိုင်း စာရင်းဖော်ပြထားမှုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁,၉၃၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဧပြီ ၈ ရက်) နေ့လယ်ပိုင်းအထိ အမေရိကန်မှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀၀,၅၄၀ ဦးနဲ့ သေဆုံးသူ ၁၂,၈၅၇ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာသူ ၂၁,၇၁၁ ဦးရှိခဲ့ပါတယ်။



(Photo: Jeff Kowalsky/AFP via Getty Images)

အမေရိကန်မှာ နယူးယော့ခ်ပြည်နယ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးဆုံးဖြစ်ပွားနေတဲ့ နေရာဖြစ်ပြီး ဧပြီ ၇ ရက်နေ့က ၇၃၁ ဦး သေဆုံးခဲ့ပြီး တစ်ရက်အတွင်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ နယူးယော့ခ်တစ်နေရာတည်းမှာ သေဆုံးသူ စုစုပေါင်း ၅,၄၈၉ ဦးအထိရှိပြီး ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်နိုင်ငံမှာထက် ပိုများခဲ့ပြီး အမေရိကန်တစ်နိုင်ငံလုံးမှာ သေဆုံးသူအရေအတွက်ရဲ့ ထက်ဝက်နီးပါးအထိလည်း ဖြစ်ပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး ၎င်းရဲ့အစိုးရအပေါ် ဝေဖန်မှုတွေကို သမ္မတဒေါ်နယ်ထရန့်က ကာကွယ်ပြောကြားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (Worl Health Organization - WHO) တုံ့ပြန်မှုနှေးကွေးခြင်းအတွက် အပြစ်ဖို့ခဲ့ပါတယ်။ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်ဖြစ်ပွားလာနေစဥ် နိုင်ငံတကာခရီးသွားလာမှုတွေကို လျှော့ချဖြတ်တောက်ပစ်ရန် WHO က စောစီးစွာ အကြံပြုတိုက်တွန်းခြင်း မရှိခဲ့မှုအပေါ် ထရန့်က မွေးခွန်းထုတ်ခဲ့ပါတယ်။

(Photo: Reuters)

တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် WHO က မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယနေ့ နေ့လယ်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၁,၄၃၂,၀၉၈ ဦး၊ သေဆုံးသူ ၈၂,၁၀၁ ဦးနဲ့ ပြန်လည်သက်သာသူ ၃၀၂,၂၄၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Source: AFP/Reuters/SCMP


Author


က္က