သမ္မတထရန့် ကိုယ်တိုင် ကပ်ရောဂါအခြေအနေ ပိုဆိုးလာနိုင်ကြောင်း လက်ခံလာခဲ့ရပါတယ်။
Ko John

အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၁,၀၀၀ ကျော် ပြန်ဖြစ်လာသလို ကူးစက်မှုနဲ့ ဆေးရုံတင်ရမှုတွေလည်း မြင့်တက်နေပြီး သမ္မတဒေါ်နယ်ထရန့် ကိုယ်တိုင် ကပ်ရောဂါအခြေအနေ ပိုဆိုးလာနိုင်ကြောင်း လက်ခံလာခဲ့ရပါတယ်။

(Photo: Reuters)

အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၄,၂၀၀ ကျော်ရှိလာခဲ့ပြီး ပြည်နယ်အချို့မှာ သေဆုံးမှုတွေ မြင့်တက်လာမယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဖလော်ရီဒါ၊ တက္ကဆက်၊ ဂျော်ဂျီယာနဲ့ ကယ်လီဖိုးနီးယားတို့ဟာ ကူးစက်မှုတွေ ပိုမိုတွေ့ရှိနေရတဲ့ အမေရိကန်ပြည်နယ် ၄၀ အနက် ပါဝင်ပါတယ်။



ဗုဒ္ဓဟူး‌‌နေ့ (ဇူလိုင် ၂၂ ရက်) စာရင်းတွေအရ ဖလော်ရီဒါမှာ ကူးစက်ခံရသူ နောက်ထပ် ၉,၇၈၅ ဦးနဲ့ သေဆုံးသူ ၁၄၀ ဦး တိုးလာခဲ့ပြီး ဆေးရုံတင်ရတဲ့ COVID-19 လူနာဦးရေဟာလည်း ၉,၅၃၀ အထိ စံချိန်တင် များပြားလာခဲ့ပါတယ်။ အလာဘားမားပြည်နယ်မှာတော့ ဇူလိုင် ၂၂ ရက်နေ့က COVID-19 ကြောင့် နောက်ထပ် ၆၁ ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

(Photo: Getty Images)

အမေရိကန်တစ်နိုင်ငံလုံးမှာ ဇူလိုင် ၂၁ ရက်နေ့က သေဆုံးသူ ၁,၁၄၁ ဦး တိုးလာခဲ့ပြီး ဇွန် ၁၀ ရက်နောက်ပိုင်း သေဆုံးသူဦးရေ ၁,၀၀၀ ကျော် ပြန်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်နယ် ၁၉ ခုမှာ ဆေးရုံတင်ရတဲ့ COVID-19 လူနာအရေအတွက် ဇူလိုင်လအတွင်း စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။

ဇူလိုင်လအတွင်း ပြည်နယ် ၃၂ ခုမှာ ကူးစက်မှုတွေ စံချိန်တင် များပြားနေခဲ့ပြီး ပြည်နယ် ၁၆ ခုမှာတော့ သေဆုံးသူအရေအတွက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ထိုအတောအတွင်း အမေရိကန်အစိုးရက COVID-19 ကာကွယ်ဆေး သန်း ၁၀၀ ရရှိရန် ဆောင်ရွက်ခဲ့ကြောင်း Health and Human Services အကြီးအကဲ Alex Azar က ယမန်နေ့မှာ ပြောပါတယ်။

(Photo: Cengiz Yar/Getty Images)

Pfizere Inc. ဆေးဝါးကုမ္ပဏီနဲ့ ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါက ဝယ်ယူနိုင်ရန်အမေရိကန်အစိုးရက ဒေါ်လာ ၁.၉ ဘီလီယံ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄ သန်းကျော်နဲ့ သေဆုံးသူ ၁၄၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က