ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တို့မှာ ကူးစက်မှုအသစ် ၁၀,၀၀၀ ကျော်စီ တိုးလာခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ အင်္ဂါနေ့ (ဇူလိုင် ၇ ရက်) က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၆၀,၀၀၀ ကျော်တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။

(Photo: Getty Images)

ယခင် နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်တင်မှုကို ဇူလိုင် ၂ ရက်နေ့က တွေ့ခဲ့ရပြီး ကူးစက်ခံရသူ နောက်ထပ် ၅၅,၂၂၀ တိုးလာခဲ့တာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တို့မှာ ကူးစက်မှုအသစ် ၁၀,၀၀၀ ကျော်စီ တိုးလာခဲ့ပြီးနောက် ယခုနောက်ဆုံး နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်သစ် ထပ်တင်ခဲ့ပါတယ်။



အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကဟာ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ နေရာတစ်ခုမှာ ရှိနေခဲ့ကြောင်း ဇူလိုင် ၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။ သို့သော် ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူနဲ့ COVID-19 အရေးအတွက် အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် ဒေါက်တာ Anthony Fauci ကတော့ အမေရိကန်ဟာ COVID-19 ပထမလှိုင်းထဲမှာပင် ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

(Image: JHU's COVID-19 Dashboard screengrab)

အမေရိကန်မှာ COVID-19 ကူးစက်မှုတွေဟာ တစ်ရက်လျှင် ၁၀၀,၀၀၀ အထိ ဖြစ်လာနိုင်ကြောင်း ဒေါက်တာ Anthony Fauci က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ သတိပေးထားခဲ့ပါတယ်။ ကယ်လီဖိုးနီးယား၊ တက္ကဆက်နဲ့ အာရီဇိုးနားပြည်နယ်တွေဟာ အမေရိကန်မှာ COVID-19 ကူးစက်မှု ဗဟိုချက်နေရာသစ်များ ဖြစ်လာကြပြီး ကူးစက်မှုတွေ မြင့်တက်နေပါတယ်။

အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်းဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃ သန်းကျော်လွန်ပြီဖြစ်ပြီး လူဦး‌ရေ ၁၃၃,၀၀၀ ကျော် သေဆုံးခဲ့ကာ ပြန်လည်သက်သာသူ ၁.၃ သန်းကျော် ရှိခဲ့ပါတယ်။
(Photo: AP)

အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန (Centers for Disease Control - CDC) ရဲ့ အဆိုအရ အမေရိကန် သန်း ၂၀ အထိဟာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကူးစက်ခံရနိုင်ကြောင်းလည်း သိရပါတယ်။ CDC က နိုင်ငံတစ်ဝှမ်း စုဆောင်းရယူခဲ့တဲ့ သွေးနမူနာများကို စစ်ဆေးမှုအရ ဗိုင်းရပ်စ်မှ ပဋိပစ္စည်းများရှိနေမှုအပေါ် အခြေခံပြီး COVID-19 ကူးစက်ခံရနိုင်သူ အရေအတွက်ကို ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်တက္ကသိုလ်ရဲ့ ခန့်မှန်းချက်အရ လာမယ့် အောက်တိုဘာလအရောက် အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၈၀,၀၀၀ ဖြစ်လာနိုင်ကြောင်း၊ သို့မဟုတ် အမေရိကန် ၉၅ ရာခိုင်နှုန်းက mask တပ်ထားပါက သေဆုံးသူအရေအတွက်ဟာ ၁၄၆,၀၀၀ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Source: BBC, Johns Hopkins Universit's COVID-19 Dashboard

Share

Loading Next Article...
က္က