အမေရိကန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁ ရက်) က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၅၂,၉၈၂ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှ လက်ရှိအချိန်အထိ နေ့အလိုက် ကူးစက်မှုအသစ် အများဆုံး စံချိန်သစ်ထပ်တင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။
(Photo: AP)
အမေရိကန်ရဲ့ ထိပ်တန်းသုတေသီ ဒေါက်တာ Anthony Fauci ကလည်း နိုင်ငံမှာ COVID-19 ကူးစက်မှုတွေဟာ တစ်ရက်လျှင် ၁၀၀,၀၀၀ အထိ ဖြစ်လာနိုင်ကြောင်း ယခု သီတင်းပတ်အတွင်း သတိပေးထားပါတယ်။ "အခုအချိန်မှာ ကျွန်တော်တို့ လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ ရှင်းပါတယ်၊ ဒါက အရမ်းဆိုးလာမှာကို ကျွန်တော် သိပ်စိုးရိမ်ပါတယ်" လို့ National Institute of Allergy and Infectious Diseases (NIAID) အကြီးအကဲ ဒေါက်တာ Anthony Fauci က ပြောခဲ့ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ နေရာတွေကိုသာ အာရုံမစိုက်နိုင်ကြောင်းနဲ့ တစ်နိုင်ငံလုံးဟာ အန္တရာယ်ရှိနေကြောင်းလည်း ၎င်းကဆိုပါတယ်။ အစောပိုင်း အချက်အလက်တွေက အလားအလာကောင်းပေမဲ့ ကာကွယ်ဆေးတစ်ခု ရရှိရန် မသေချာသေးဘဲ လာမယ့်နှစ်စပိုင်းမှာ ကာကွယ်ဆေးရရှိလာမယ်လို့ မျှော်လင့်နေရကြောင်း ဒေါက်တာ Anthony Fauci ပြောခဲ့ပါတယ်။
(Photo: Carlos Barria/Reuters)
ဆက်စပ်သတင်းတစ်ရပ်အရ ယခင်က mask တပ်ရန် ဝန်လေးခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က mask တပ်သွားမယ်လို့ ထုတ်ဖော်ပြောခဲ့ကြောင်းလည်း သိရပါတယ်။ ရီပတ်ဘလစ်ကင် ထိပ်တန်းနိုင်ငံရေးသမားတစ်ဦးက ၎င်းကို mask တပ်ရန် တိုက်တွန်းခဲ့ပြီးနောက် သမ္မတထရန့်က Fox News သတင်းဌာနကို mask တပ်မယ့်အကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်မှာ ကယ်လီဖိုးနီးယား၊ တက္ကဆက်နဲ့ အာရီဇိုးနားပြည်နယ်တွေဟာ COVID-19 ကူးစက်မှု ဗဟိုချက်နေရာသစ်များ ဖြစ်လာကြပြီး ကူးစက်မှုတွေ မြင့်တက်နေပါတယ်။ တက္ကဆက်နဲ့ဖလော်ရီဒါ အပါအဝင် အမေရိကန်ပြည်နယ် ၁၀ ခုထက်မနည်းမှာ ဇွန်လအတွင်း COVID-19 ကူးစက်မှုတွေ နှစ်ဆဖြစ်လာခဲ့ကြောင်းလည်း Reuters ရဲ့ လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။
(Photo: Callaghan O'Hare/Reuters)
တက္ကဆက်နဲ့ အာရီဇိုးနားပြည်နယ်တို့ရှိ ဆေးရုံများမှာ COVID-19 လူနာတွေအတွက် အထူးကြပ်မတ်ကုသခန်း မလုံလောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၇ သန်းကျော်နဲ့ သေဆုံးသူ ၁၃၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။
COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားရပြီး ပြည်နယ်တွေနဲ့ အဓိက မြို့ကြီးတွေမှာ နေထိုင်ကြသူတွေကို အိမ်မှာသာနေရန် ကန့်သတ်ချက်တွေ သတ်မှတ်ထုတ်ပြန်ခဲ့ရာ လူဦးရေတစ်သန်း အလုပ်အကိုင် ဆုံးရှုံးခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန (Centers for Disease Control - CDC) ရဲ့ အဆိုအရ အမေရိကန် သန်း ၂၀ အထိဟာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကူးစက်ခံရနိုင်ကြောင်းလည်း သိရပါတယ်။
(Photo: Bryan Woolston/Reuters)
CDC က နိုင်ငံတစ်ဝှမ်း စုဆောင်းရယူခဲ့တဲ့ သွေးနမူနာများကို စစ်ဆေးမှုအရ ဗိုင်းရပ်စ်မှ ပဋိပစ္စည်းများရှိနေမှုအပေါ် အခြေခံပြီး COVID-19 ကူးစက်ခံရနိုင်သူ အရေအတွက်ကို ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဝါရှင်တန်တက္ကသိုလ်ရဲ့ ခန့်မှန်းချက်အရ လာမယ့် အောက်တိုဘာလအရောက် အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၈၀,၀၀၀ ဖြစ်လာနိုင်ကြောင်း၊ သို့မဟုတ် အမေရိကန် ၉၅ ရာခိုင်နှုန်းက mask တပ်ထားပါက သေဆုံးသူအရေအတွက်ဟာ ၁၄၆,၀၀၀ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။