အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။
Ko John

အမေရိကန်နိုင်ငံမှာ ကြာသာပတေး‌နေ့ (ဇွန် ၂၅ ရက်) က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၄၀,၀၀၀ တိုးလာခဲ့ပြီး နေ့စဥ် ကူးစက်မှုအသစ် အများဆုံး စံချိန်တင်ခဲ့ကြောင်း John Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းဖော်ပြမှုအရ သိရှိရပါတယ်။

(Photo: Washington Post)

လက်တလော ကူးစက်မှုနဲ့ ဆေးရုံတင်ရမှုတွေ မြင့်တက်လာတာကြောင့် အမေရိကန် ပြည်နယ်နဲ့ မြို့အချို့မှာ ပိတ်ပင်ကန့်သတ်ချက်တွေ ဖြေလျှော့ရုပ်သိမ်းမယ့် အစီအစဥ်များ ဆိုင်းငံ့ထားလိုက်ပါတယ်။ John Hopkins တက္ကသိုလ်ရဲ့ ဖော်ပြမှုအရ ယခင်က ကူးစက်မှုအများဆုံး စံချိန်တင်ခဲ့မှုဟာ ဇွန် ၂၄ ရက်နေ့က ကူးစက်ခံရသူ ၃၆,၄၀၀ တိုးလာခဲ့မှုဖြစ်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၅ သန်းကျော်နဲ့ သေဆုံးသူ ၁၂၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်မှာ COVID-19 က‌နေ ပြန်လည်သက်သာလာသူ ၁ သန်းကျော်ရှိကြောင်းလည်း သိရပါတယ်။ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက ကူးစက်ခံရသူ အမှန်တစ်ကယ် အရေအတွက်ဟာ ထုတ်ပြန်ထားတာထက် ၁၀ ဆအထိ ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: Getty Images)

ရောဂါထိန်းချုပ်ရေးဌာန (Centers for Disease Control - CDC) ရဲ့ အဆိုအရ အမေရိကန် သန်း ၂၀ အထိဟာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကူးစက်ခံရနိုင်ကြောင်းလည်း သိရပါတယ်။ CDC က နိုင်ငံတစ်ဝှမ်း စုဆောင်းရယူခဲ့တဲ့ သွေးနမူနာများကို စစ်ဆေးမှုအရ ဗိုင်းရပ်စ်မှ ပဋိပစ္စည်းများရှိနေမှုအပေါ် အခြေခံပြီး COVID-19 ကူးစက်ခံရနိုင်သူ အရေအတွက်ကို ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်မှာ ကူးစက်မှုအသစ်များ မြင့်တက်မှုကို လူငယ်တွေမှာ တွေ့ရှိရပြီး အထူးသဖြင့် နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ ဖြစ်တယ်လို့ CDC အကြီးအကဲ ဒေါက်တာ ရောဘတ်ရက်ဒ်ဖီးက ပြောပါတယ်။ အမေရိကန်ပြည်နယ်တွေအနက် တက္ကဆက်ပြည်နယ်မှာ လတ်တ‌လော ကူးစက်မှုအသစ်တွေ သိသာစွာ မြင့်တက်နေခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ရုပ်သိမ်းမယ့် အစီအစဥ်ကို ဆိုင်းငံ့ထားခဲ့ပါတယ်။

(Photo: AFP)

တက္ကဆက်မှာ ဇွန် ၂၅ ရက်နေ့က COVID-19 ကူးစက်မှုအသစ် ၅,၉၉၆ ခု အတည်ပြု တွေ့ရှိခဲ့ရပြီး သေဆုံးသူ ၄၇ ဦးရှိခဲ့ရာ တစ်လအတွင်း နေ့အလိုက် သေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ထို့အတူ တက္ကဆက်ပြည်နယ်မှာ ဆေးရုံတင်ရန်လိုအပ်တဲ့ COVID-19 လူနာအရေအတွက်ဟာလည်း ၁၃ ရက်ဆက်တိုက် စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။

ဆေးရုံတွေမှာ COVID-19 လူနာ များပြားလာပြီး လူနာကုတင်လိုအပ်ချက်ကြောင့် ဟူစတန်၊ ဒါးလက်စ်၊ အော်စတင်နဲ့ စန်အန်တိုနီယိုတို့မှာ နေ့ရက်ရွေးချယ်နိုင်တဲ့ ခွဲစိတ်ကုသမှုတွေကို ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ တက္ကဆက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗိုင်းရပ်စ်စစ်ဆေးခဲ့သူတွေရဲ့ ၁၀ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရပါတယ်။

(Photo: Christian Petersen/Getty Images)

တက္ကဆက်ပြည်နယ်ရှိ ကောင်တီ ၂၅၄ ခုအနက် ၁၂ ကလွဲပြီး ကျန်အားလုံးမှာ COVID-19 ကူးစက်မှုများ တွေ့ရှိထားပါတယ်။ အမေရိကန်မှာ အလာဘားမား၊ အာရီဇိုနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ အိုင်ဒဟို၊ မစ္စစ္စပီ၊ မစ်ဆူရီ၊ နီဗားဒါး၊ အိုကလာဟိုးမား၊ တောင်ကာရိုလိုင်းနားနဲ့ ဝိုင်အိုမင် အပါအဝင် အခြား ပြည်နယ်တွေမှာလည်း ယခု သီတင်းပတ်အတွင်း နေ့စဥ် ကူးစက်မှုအရေအတွက် တိုးမြင့်လာခဲ့ကြောင်း သိရပါတယ်။

ဝါရှင်တန်တက္ကသိုလ်ရဲ့ ခန့်မှန်းချက်အရ လာမယ့် အောက်တိုဘာလအရောက် အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၈၀,၀၀၀ ဖြစ်လာနိုင်ကြောင်း၊ သို့မဟုတ် အမေရိကန် ၉၅ ရာခိုင်နှုန်းက mask တပ်ထားပါက သေဆုံးသူအရေအတွက်ဟာ ၁၄၆,၀၀၀ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


Author


က္က