ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရမှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံ ဖြစ်ပါတယ်။
Ko John

အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လွန်လာပြီး ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရမှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံဖြစ်ကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အများဆုံးဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ ဧပြီ ၂၈ ရက်နေ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။

(Photo: Reuters)

အမေရိကန်မှာ ကူးစက်မှုတွေ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပေမဲ့ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု ကြုံနေခဲ့ရာ ပြည်နယ်အချို့ကတော့ အသွားအလာ ပိတ်ပင်ကန့်သတ်ထားတဲ့ lockdown အစီအမံတွေကို စတင်ဖြေလျှော့ပေးခဲပါတယ်။ သမ္မတဒေါ်နယ်ထရန့်ရဲ့ စီးပွားရေးအကြံပေးတွေက အမေရိကန်ရဲ့ အလုပ်လက်မဲ့နှုန်းဟာ ဧပြီလမှာ ၁၆ ရာခိုင်နှုန်းကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်အများအပြားဟာ အိမ်မှာနေရမယ့် ညွှန်ကြားချက်ကို သည်းမခံနိုင် ဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်နယ် ၁၂ ခုခန့်က ဗိုင်းရပ်စ်စစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းမရှိသည့်တိုင် စီးပွားရေးလုပ်ငန်းများကို ပြန်လည်စတင်ရန် လုပ်ဆောင်နေကြပါတယ်။

(Image screenshot: Johns Hopkins University COVID-19 Dashboard)

ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ လူများ ခပ်ခွာခွာနေရမယ့် အစီအစဥ်တွေကို အချိန်မတိုင်မီ ရုပ်သိမ်းခြင်းက နောက်ထပ် ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားစေနိုင်ကြောင်း သတိပေးထားပါတယ်။ ဧပြီ ၂၈ ရက်နေ့အထိ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းကျော် (၁,၀၁၀,၇၁၇) အထိ မြင့်တက်လာခဲ့ပြီး ၁၈ ရက်အတွင်း နှစ်ဆဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အမေရိကန်မှာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ COVID-19 ရောဂါဖြင့် သေဆုံးသူ ၅၈,၂၃၃ ဦးအထိရှိလာခဲ့ပြီး ယခုလအတွင်း တစ်ရက်လျှင် ပျမ်းမျှ လူ ၂,၀၀၀ နှုန်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Reuters သတင်းက ပြောပါတယ်။ COVID-19 ကြောင့် ယခုသေဆုံးမှုဟာ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန် ၅၈,၂၂၀ ဦး သေဆုံးခဲ့မှုထက်လည်း ပိုများခဲ့ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ကူးစက်ခံရသူ အမှန်တစ်ကယ် အရေအတွက်ဟာ အတည်ပြုထားမှုထက် ပိုများနိုင်ကြောင်း၊ လေ့ကျင့်ထားတဲ့ဝန်ထမ်းနဲ့ စစ်ဆေးရေးကိရိယာ မလုံလောက်မှုတို့ကြောင့် ကူးစက်ခံရမှု အများအပြားဟာ စာရင်းမဝင်ခဲ့နိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံမှု အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ နယူးယော့ခ်ပြည်နယ်မှာ ဖြစ်ပွားနေခဲ့ပြီး ကူးစက်မှုဗဟိုချက်နေရာ ဖြစ်ပါတယ်။ နယူးယော့ခ်ပြီးပါက နယူးဂျာစီ၊ မက်ဆာချူးဆက်၊ ကယ်လီဖိုးနီးယားနဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေမှာ ကူးစက်မှုအများဆုံးလို့ သိရပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ဝါရှင်တန်တက္ကသိုလ် (University of Washington) ရဲ့ ခန့်မှန်းတွက်ချက်မှုအရ အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ လာမယ့် ဩဂုတ်လ ၄ ရက်နေ့အရောက်မှာ ၇၄,၀၀၀ ကျော် ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဝါရှင်တန်တက္ကသိုလ်ရဲ့ ယခင် ခန့်မှန်းချက်မှာတော့ သေဆုံးသူအရေအတွက် ၆၇,၀၀၀ ဖြစ်နိုင်ကြောင်း ပြောထားခဲ့တာ ဖြစ်ပါတယ်။ ဝါရှင်တန်တက္ကသိုလ်ရဲ့ ခန့်မှန်းချက်တွေကို သမ္မတအိမ်ဖြူတော်နဲ့ ကျန်းမာရေးအာဏာပိုင်တွေက မကြာခဏ ကိုးကားဖော်ြပလေ့ရှိကြောင်းလည်း သိရပါတယ်။


က္က