အမေရိကန်မှာ လူ ၆၆ ဦးလျှင် တစ်ဦးနှုန်း COVID-19 ကူးစက်ခံရတယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ဩဂုတ် ၈ ရက်နေ့ စာရင်းတွေအရ ကူးစက်ခံရသူ စုစုပေါင်း ၅ သန်းကျော်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

(Image: Worldometers webpage screengrab)

အမေရိကန်မှာ လူ ၆၆ ဦးလျှင် တစ်ဦးနှုန်း COVID-19 ကူးစက်ခံရခြင်းဖြစ်ကြောင်း Reuters သတင်းဌာန လေ့လာဆန်းစစ်မှုက ဖော်ပြပါတယ်။ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း ၁၆၀,၀၀၀ ကျော်လွန်ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ သေဆုံးမှုစုစုပေါင်း လေးပုံတစ်ပုံနီးပါးလည်း ဖြစ်ပါတယ်။ ကူးစက်ခံရပြီး ပြန်လည်သက်သာသူ အရေအတွက်ကတော့ လက်ရှိအချိန်အထိ အမေရိကန်မှာ ၂.၆ သန်းကျော်ရှိခဲ့ပါတယ်။



ထိုအတောအတွင်း အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်တို့ကြား ကပ်ရောဂါကြောင့် ဆိုးရွားစွာ ထိခိုက်ဆုံးရှုံးမှုကြုံရတဲ့ အမေရိကန်တွေကို နောက်ထပ် ငွေကြေးထောက်ပံ့ရေး အသုံးစရိတ်ကိစ္စ သဘောတူညီမှု မရရှိခဲ့ရာ သမ္မတဒေါ်နယ်ထရန့်က ဘဏ္ဍာငွေအသုံးပြုရန် ၎င်းရဲ့လုပ်ပိုင်ခွင့်အရ အမိန့်ညွှန်ကြားချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ထရန့်ရဲ့ အမိန့်ညွှန်ကြားချက်အရ အလုပ်လက်မဲ့ဖြစ်သွားသူ သန်းနဲ့ချီတဲ့ အမေရိကန်တွေကို တစ်ပတ်လျှင် နောက်ထပ် ဒေါ်လာ ၄၀၀ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ COVID-19 ကူးစက်မှုတွေ နှေးကွေးသွားတဲ့ လက္ခဏာမရှိသေးဘဲ နေ့စဥ် သိသိသာသာ တိုးလာနေဆဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူက ဒေါက်တာ Anthony Fauci ကတော့ ယခုနှစ်ကုန်မှာ ရောဂါကာကွယ်ရန် ထိရောက်မှုရှိပြီး ဘေးအန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးတစ်ခု ရရှိလာနိုင်ကြောင်း ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၅ ရက်) မှာ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Reuters)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၇ လကျော်အတွင်း တစ်ကမ္ဘာလုံးမှာ လက်ရှိအချိန်အထိ လူဦးရေ ၁၉.၇ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှား၊ မက္ကစီကို၊ တောင်အာဖရိက အစရှိတဲ့နိုင်ငံတွေမှာ ကူးစက်မှုအသစ်များ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။ ယနေ့အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၇၂၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၂.၆ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။

Share

Loading Next Article...
က္က