အိုင်အိုဝါနဲ့ မင်နီဆိုးတား ပြည်နယ်တွေမှာ တစ်ရက်အတွင်း ကူးစက်မှုအသစ်များ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၆ သန်းကျော်လွန်ပြီဖြစ်ပြီး သေဆုံးသူဦးရေကလည်း ၁၈၀,၀၀၀ ကျော်ရှိလာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်ရဲ့ ဩဂုတ် ၂၇ ရက်ညပိုင်း ဖော်ပြမှုအရ သိရှိရပါတယ်။

(Image: Worldometers webpage screengrab)

အိုင်အိုဝါနဲ့ မင်နီဆိုးတား ပြည်နယ်တွေမှာ တစ်ရက်အတွင်း ကူးစက်မှုအသစ်များ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်တစ်နိုင်ငံလုံး အတိုင်းအတာအရ ကူးစက်မှုအသစ်များ၊ သေဆုံးမှုများ၊ ဆေးရုံတက်ရမှုများနဲ့ ကူးစက်မှု စစ်ဆေးတွေ့ရှိရမှုနှုန်းများ လျော့ကျနေပေမဲ့ အလယ်ပိုင်းဒေသတွေမှာ ကူးစက်မှုနေရာတွေ တွေ့ရှိလာရပါတယ်။



ဩဂုတ် ၂၇ ရက်နေ့ ထုတ်ပြန်မှုတွေအရ အိုင်အိုဝါပြည်နယ်မှာ ကူးစက်ခံရသူ ၁,၂၈၈ ဦး တိုးလာခဲ့ပြီး ယခင်ကထက် ၇ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။ မင်နီဆိုးတားပြည်နယ်မှာလည်း ကူးစက်မှုအသစ် ၁,၁၅၄ ခု တိုးလာခဲ့ပြီး ယခင်သီတင်းပတ်ကထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Reuters သတင်းဌာနရဲ့ လေ့လာမှုက ဖော်ပြပါတယ်။

(Photo: Reuters)

အဆိုပါ ပြည်နယ်နှစ်ခုအနီးရှိ အီလီနွိုက်စ်၊ မြောက်ပိုင်းဒါကိုတာနဲ့ တောင်ပိုင်းဒါကိုတာ ပြည်နယ်တွေမှာလည်း ကူးစက်မှုအသစ်တွေ မြင့်တက်နေပါတယ်။ အမေရိကန်မှာ ကျောင်းများပြန်ဖွင့်မှုနဲ့ ပိုမိုအေးတဲ့ ရာသီဥတုကြောင့် အိမ်တွင်းမှာ စုရုံးနေထိုင်မှု ပိုများလာစဥ်မှာ နောက်ထပ် ကူးစက်မှုတွေ မြင့်တက်မှုဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးခဲ့ကြပါတယ်။

ယခု သီတင်းပတ်အတွင်း အမေရိကန် Centers for Disease Control and Prevention (CDC) က လမ်းညွှန်ပြောကြားမှုတစ်ခုကလည်း ဆရာဝန်များနဲ့ နိုင်ငံရေးသမားတွေကို အံ့ဩတုန်လှုပ်စေခဲ့ပါတယ်။ COVID-19 ကူးစက်ခံရနိုင်ခြေရှိသူပေမဲ့ ရောဂါလက္ခဏာမပြပါကဟာ စစ်ဆေးမှုခံယူရန် မလိုအပ်နိုင်ကြောင်း အမေရိကန် CDC က ပြောခဲ့တာဖြစ်ပါတယ်။

(Photo: Reuters)

CDC ရဲ့ အဆိုပါ ပြောကြားမှုဟာ သိပ္ပံပညာရပ်အပေါ် အခြေခံထားခြင်း မဖြစ်နိုင်ဘဲ သမ္မတဒေါ်နယ်ထရန့်ရဲ့ အစိုးရအဖွဲ့က ဖိအားပေးမှုကြောင့် ဖြစ်နိုင်ကြောင်း စွပ်စွဲထားကြပါတယ်။ နယူးယော့ခ်၊ နယူးဂျာစီနဲ့ ကွန်နက်တီကတ် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကတော့ CDC ရဲ့ ပြောကြားမှုဟာ အဆင်အခြင်မဲ့ကာ သိပ္ပံပညာအပေါ် အခြေခံထားခြင်းမရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ နယူးယော့ခ်၊ နယူးဂျာစီ၊ ကွန်နက်တီကတ်၊ တက္ကဆက်၊ ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယား ပြည်နယ်တို့က စစ်ဆေးမှုလမ်းညွှန်ချက်တွေကို ပြောင်းလဲဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

(Photo: NBC News)

အမေရိကန်အစိုးရကို COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေတဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Anthony Fau ကလည်း CDC ရဲ့ ပြောကြားမှုအပေါ် စိုးရိမ်မိကြောင်း CNN ကို ပြောခဲ့ပါတယ်။ အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆ သန်းကျော်၊ သေဆုံးသူ ၁၈၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၃.၃ သန်းကျော်ရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က