၁၆ နှစ်အရွယ်မှာ လူသတ်မှုဖြင့် ဖမ်းဆီးခံခဲ့ကြရပါတယ်။
Ko John

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ လူသတ်မှုဖြင့် မှားယွင်းပြစ်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသားသုံးဦးဟာ ၃၆ နှစ်ကြာ အကျဥ်းကျခဲ့ပြီးနောက် ထောင်မှပြန်လွတ်လာခဲ့ကြောင်း သိရပါတယ်။

(ချတ်စ်နတ်နဲ့ မိခင်ဖြစ်သူတို့ ပြန်ဆုံကြစဥ်) (Photo: AFP)

အဲလ်ဖရတ်ချတ်စ်နတ်၊ အန်ဒရူးစတီးဝပ်နဲ့ ရန်ဆမ်ဝပ်ကင်စ်တို့ သုံးဦးဟာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးကိုသတ်မှုဖြင့် ၁၉၈၄ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုအမှုကို တရားသူကြီးတစ်ဦးက ပြန်လည်သုံးသပ်ကာ ၎င်းတို့သုံးဦးရဲ့ ပြစ်ဒဏ်ကိုပယ်ဖျက်ပေးခဲ့ပြီးနောက် တနင်္လာနေ့ (နိုဝင်ဘာ ၂၅ ရက်) မှာ ဘယ်လ်တီမိုးမြို့ရှိ အကျဥ်းထောင်မှ ပြန်လွတ်လာခဲ့ကြပါတယ်။

မှားယွင်းပြစ်ဒဏ်ချမှတ်ခံရသူတွေအနက်မှ ချတ်စ်နတ်က ဘယ်လ်တီမိုးမြို့ Conviction Integrity Unit သို့ ပန်ကြားစာတစ်စောင် ရေးသားပေးပို့ခဲ့ပြီးနောက် ၎င်းတို့ရဲ့အမှုကို ယခုနှစ်အတွင်း ပြန်လည်သုံးသပ် စစ်ဆေးခဲ့ပါတယ်။ ချတ်စ်နတ်က ယမန်နှစ်အတွင်း ၎င်းထုတ်ဖော်ခဲ့တဲ့ သက်သေအထောက်အထားကိုလည်း စာထဲမှာ ထည့်သွင်းရေးသားခဲ့တယ်လို့ ဆိုပါတယ်။

(ချတ်စ်နတ်၊ စတီးဝပ်နဲ့ ဝပ်ကင်စ်) (Photo: AFP)

ချတ်စ်နတ်၊ စတီးဝပ်နဲ့ ဝပ်ကင်စ်တို့ သုံးဦးဟာ ၁၉၈၃ ခုနှစ် နိုဝင်ဘာလအတွင်းက ၎င်းတို့ရဲ့အသက် ဆယ်ကျော်သက်အရွယ်မှာ လူသတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုစဥ်က ဒီဝစ်ဒပ်ကတ် အမည်ရှိ ကျောင်းသားတစ်ဦးဟာ ဘယ်လ်တီမိုးအထက်တန်းကျောင်းသို့သွားနေစဥ် လည်ပင်းနေရာကို သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးမှုနဲ့ပတ်သက်ပြီး ၎င်းတို့သုံးဦးကို လူသတ်မှုဖြင့် ဖမ်းဆီးစွဲချက်တင်ခဲ့ပါတယ်။

ဒီဝစ် ပစ်ခတ်ခံရပြီး သေဆုံးမှုဟာလည်း သတင်းမီဒီယာတွေမှာ အထူးတလည်ဖော်ပြခဲ့ကြပြီး ဘယ်လ်တီမိုး အစိုးရကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ဦး ပထမဆုံး ပစ်ခတ်ခံရကာ သေဆုံးမှုလည်းဖြစ်ခဲ့ပါတယ်။ "ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေ ဆောင်ရွက်ချက်ညံ့ဖျင်းမှုကြောင့် ဒီအမျိုးသားသုံးဦးက ဆယ်ကျော်သက်အရွယ်မှာပဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်" လို့ ရှေ့နေ မာရီလင်းမော့စ်ဘီက ၎င်းတို့သုံးဦး ပြန်လွတ်လာပြီးနောက် ပြောကြားခဲ့ပါတယ်။

(မိသားစုနဲ့ပြန်ဆုံခဲ့တဲ့ စတီးဝပ်) (Photo: Getty Images)

မာရီလင်းရဲ့ရုံးက ထုတ်ပြန်ချက်မှာ "စုံထောက်တွေဟာ ထိုစဥ်က အသက် ၁၆ နှစ်အရွယ်တွေဖြစ်ကြတဲ့ လူမည်းအမျိုးသားသုံးဦးကို ပစ်မှတ်ထားခဲ့ကြကြောင်း၊ ထို့နောက် အခြား ဆယ်ကျော်သက် မျက်မြင်သက်သေတွေကို တရားရုံးမှာထွက်ဆိုရန် သင်ကြားပေးခြင်းနဲ့ အကျပ်ကိုင်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ရဲ့အမှုကို တည်ဆောက်ခဲ့ကြကြောင်း" ပြောထားပါတယ်။

ထိုအမှုကို ကနဦး စုံစမ်းစစ်ဆေးရာမှာ မျက်မြင်သက်သေတွေက လူသတ်သမားဟာ အခြားပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောကြားမှုကို ရဲတပ်ဖွဲ့က လစ်လျူရှု ထိမ်ချန်ထားခဲ့ကြောင်းနဲ့ တရားရုံးကြားနာစစ်ဆေးရာမှာ ပါဝင်ထွက်ဆိုခဲ့ကြတဲ့ သက်သေတွေကလည်း ဆယ်ကျော်သက်သုံးဦးကို မည်သူတွေဖြစ်ကြောင်း မပြောနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

(လက်ရှိ ဝပ်ကင်စ်နဲ့ အဖမ်းခံစဥ် ၁၆ နှစ်အရွယ်က ၎င်းရဲ့ဓာတ်ပုံ) (Photo: Mid-Atlantic Innocence Project)

ယခုအခါမှာတော့ ထိုစဥ်က တရားခွင်ကိုတက်ရောက်ခဲ့တဲ့ မျက်မြင်တွေက ၎င်းတို့ရဲ့ သက်သေခံထွက်ဆိုမှုကို ရုပ်သိမ်းခဲ့ကြကြောင်းလည်း သိရပါတယ်။ ထိုအမှုနဲ့ပတ်သက်ပြီး အခြား သံသယရှိသူတစ်ဦးကတော့ ၂၀၀၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ "ဒီနေ့က အောင်ပွဲရတာလို့ ကျွန်မ မထင်ပါဘူး၊ ဒါက အဖြစ်ဆိုးတစ်ခုပါ၊ ဒီဟာအတွက် ကျွန်မတို့ရဲ့ တာဝန်ရှိမှုကို ကျွန်မတို့ ဝန်ခံဖို့လိုပါတယ်" လို့ ရှေ့နေမာရီလင်းက ပြောခဲ့ပါတယ်။

Source: CBS News, USA Today, BBC


ဆက်စပ်အကြောင်းအရာများ


က္က