ဆောင်းရာသီမုန်တိုင်းနှစ်ခုကြောင့် နှင်းများထူထပ်စွာကျပြီး လေပြင်းတိုက်ခတ်နေပါတယ်။
Ko John

အမေရိကန်မှာ ဆောင်းရာသီမုန်တိုင်းနှစ်ခုကြောင့် နှင်းများထူထပ်စွာကျပြီး အားကောင်းတဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေရာ ကျေးဇူးတော်နေ့ အခမ်းအနားများနဲ့ အားလပ်ရပ်ခရီးသွားများ အခက်အခဲကြုံနေရပါတယ်။

(Photo: Reuters)

ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၇ ရက်) က အမေရိကန်အနောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်း နေရာဒေသ အများအပြားမှာ နှင်းများထူထပ်စွာကျပြီး လေပြင်းများတိုက်ခတ်နေခဲ့ပါတယ်။ အမေရိကန်မှာ ကျေးဇူးတော်နေ့ အားလပ်ရပ်အတွင်း လူဦးရေ ၅၅ သန်းအထိ ခရီးသွားကြရန် စီစဥ်ထားကြတယ်လို့ ဆိုပါတယ်။ နှင်းများထူထပ်စွာကျရောက်မှုကြောင့် လေကြောင်းခရီးစဥ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။

အမေရိကန် နေရာဒေသ အများအပြားမှာ ရာသီဥတု အလွန်ပြင်းထန်နေကြောင်း မိုးလေဝသဌာနက ပြောထားပါတယ်။ ကော်လိုရာဒိုနဲ့ ဝိုင်အိုမင်ပြည်နယ်တွေမှာ အင်္ဂါနေ့ (နိုဝင်ဘာ ၂၆ ရက်) က နှင်းများထူထပ်စွာကျရောက်ခဲ့ပြီး နှင်းထုအနက် တစ်ပေအထိရှိခဲ့ပါတယ်။

(Photo: AFP)

နှင်းထူအနက် တစ်ပေအထိကျရောက်ခဲ့တဲ့ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ရှိ လေဆိပ်မှာ လေကြောင်းခရီးစဥ် ၅၀၀ နီးပါးကို ဖျက်သိမ်းခဲ့ရပြီး နောက်ထပ် ခရီးစဥ် ၅၀၀ နှောင့်နှေးခဲ့ရပါတယ်။ တနင်္လာနေ့ (နိုဝင်ဘာ ၂၅ ရက်) ညက လူဦးရေ ၁,၀၀၀ ဟာ ဒန်ဗာမြို့ရှိ လေဆိပ်မှာ အိပ်စက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

မိုးလေဝသပညာရှင်တွေက ဗုံးဆိုင်ကလုန်းလို့ "bomb cyclone" ခေါ်ဝေါ်ကြတဲ့ အန္တရာယ်ရှိတဲ့ မုန်တိုင်းဟာ အော်ရီဂွန်ပြည်နယ် တောင်ပိုင်းနဲ့ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ တိုက်ခတ်ခဲ့ပြီး လျင်မြန်စွာ အားကောင်းပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်း ဖြစ်လာခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ မုန်တိုင်းကြောင့် အချို့နေရာတွေမှာ နှင်းထုအနက် ၂ ပေကျော်အထိ ထူထပ်စွာကျရောက်ခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: Getty Images)

မုန်တိုင်းကြောင့် နှင်းထုအနက် တစ်ပေအထိ ထူထပ်စွာကျရောက်ခဲ့ရာ လမ်းများပိတ်ထားရပြီး လူတွေကို နေအိမ်မှာသာ နေထိုင်ကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပါတယ်။ အော်ရီဂွန်နဲ့ ကယ်လီဖိုးနီးယား နယ်စပ်အနီးမှာ နှင်းများထူထပ်စွာကျပြီး ယာဥ်ကြောပိတ်ဆို့မှုတွေကြောင့် ကားအစီးရေ ရာနဲ့ချီကာ ၁၇ နာရီကြာ ပိတ်မိနေခဲ့ပါတယ်။

နီဗားဒါးပြည်နယ်ရှိ Tahoe ရေကန်ကြီးမှာ နိုဝင်ဘာ ၁၆ ရက်နေ့က လေတိုက်နှုန်း တစ်နာရီလျှင် ၉၆ မိုင်အထိ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် အနောက်မြောက်ပိုင်းမှာ ယခုကဲ့သို့ အားကောင်းတဲ့ မုန်တိုင်းကို ၁၉၆၂ ခုနှစ်နောက်ပိုင်း မကြုံခဲ့ရဖူးကြောင်း အမေရိကန်မိုးလေဝသဌာန (National Weather Service) မှ Marc Spilde က ပြောပါတယ်။




က္က