မင်နီယာပိုလစ်မြို့မှာ မေ ၂၆ ရက် မွန်းလွဲပိုင်းမှစပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အမေရိကန်မှာ ဆက်လက် ဖြစ်ပွားနေတဲ့ ဆန္ဒပြ ဆူပူအုံကြွမှုတွေကို အဆုံးသတ်နိုင်ရန် နိုင်ငံတစ်ဝှမ်းရှိ ခေါင်းဆောင်တွေက လက်ရှိ ညမထွက်ရအမိန့်များ တိုးချဲ့ထုတ်ပြန်ခြင်းကနေ ဆန္ဒပြသူတွေနဲ့ စေစပ်ညှိနှိုင်းခြင်းအထိ နည်းလမ်းများရှာဖွေနေပါတယ်။

(Photo: AP)

ထိုအတောအတွင်း သမ္မတဒေါ်နယ်ထရန့်ကိုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတစ်ခုကို ဖြိုခွင်းရန် တပ်ဖွဲ့များ ဖြန့်ကျက်ချထားမှုအတွက် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ထရန့်ကလည်း မီဒီယာတွေက ဆူပူအုံကြွမှုတွေကို ငြိမ်းချမ်းစွာလို့ မှားယွင်းပြောဆိုကြောင်းနဲ့ မျက်ရည်ယိုဗုံးတွေကို ဆူပူအုံကြွသူတွေကို ဖြိုခွင်းရာမှာ အသုံးပြုခဲ့ကြောင်း အမေရိကန် ကွန်ဆာဗေးတစ် အွန်လိုင်းမဂ္ဂဇင်းရဲ့ သတင်းဆောင်းပါးကို Twtter မှာ မျှဝေပြီး တုံ့ပြန်ထားပါတယ်။



ဒါ့အပြင် တနင်္ဂလာနေ့ (ဇွန် ၁ ရက်) ညက ဝါရှင်တန်ဒီစီဟာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနေရာ ဖြစ်ခဲ့တယ်လို့ သမ္မတထရန့်က Twitter ရေးသားခဲ့ပါတယ်။ ထရန့်ရဲ့ အဆိုပါ Twitter ပို့စ်ဟာ ဝါရှင်တန်မှာ နောက်ထပ် ဆူပူအုံကြွမှုတွေကို တားဆီးရန် စစ်သားနဲ့ ရဲတပ်ဖွဲ့ ထောင်နဲ့ချီ ဖြန့်ကျက်ထားမယ်လို့ ထိုနေ့အစောပိုင်းမှာ ၎င်းပြောကြားထားခဲ့မှုကို ရည်ညွှန်းခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ငွေအတု ကိုင်တွယ်သုံးစွဲကြောင်း သတင်းနဲ့ဆက်စပ်ပြီး အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ ဖမ်းဆီးခဲ့စဥ်အတွင်း လက်ထိပ်ခတ်ထားပြီးဖြစ်တဲ့ ဂျော့ဂျ်အား မြေပြင်ပေါ်လှဲချကာ ၎င်းရဲ့လည်ပင်းကို ရဲအရာရှိတစ်ဦးက ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့ပါတယ်။

ဂျော့ဂျ်က အသက်ရှူလို့မရတော့ကြောင်း တောင်းပန်ပြောကြားနေခဲ့တာကို အွန်လိုင်းမှာထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းအတွင်း မြင်တွေ့ကြားသိခဲ့ရပါတယ်။ သို့သော် အဆိုပါ ရဲအရာရှိက ဒူးခေါင်းဖြင့် ဆက်ဖိထားခဲ့ပြီးနောက် ဂျော့ဂျ် သေဆုံးသွားခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွက် မင်နီယာပိုလစ်မြို့မှာ မေ ၂၆ ရက် မွန်းလွဲပိုင်းမှစပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

(Photo: AFP)

ထို့နောက် ဆန္ဒပြမှုတွေဟာ အမေရိကန်နိုင်ငံတစ်ဝှမ်း မြို့များမှာလည်း ပျံ့နှံ့ဖြစ်ပွားလာခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက် ဆူပူအုံကြွမှုတွေ ရောထွေးနေခဲ့ကာ ဝရုန်းသုန်းကား အခြေအနေများ ဖြစ်နေခဲ့ပါတယ်။ ဆန္ဒပြမှုတွေနဲ့ ဆူပူအုံကြွမှုတွေဟာ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီအထိ ပျံ့နှံ့ဖြစ်ပွားလာခဲ့ပြီး သမ္မတအိမ်ဖြူတော်အပြင်ဘက်မှာလည်း ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပါတယ်။

ဇွန် ၂ ရက်နေ့ကလည်း အမေရိကန်တစ်ဝှမ်း ဆန္ဒပြ ဆူပူအုံကြွမှုတွေ ရှစ်ရက်မြောက်နေ့အဖြစ် ဆက်လက် ဖြစ်ပွားနေခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြ ဆူပူအုံကြွမှုတွေဟာ ဝါရှင်တန်ဒီစီ၊ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနဲ့ အတ္တလန်တာ အပါအဝင် အမေရိကန်နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၃၀ ထက်မနည်းမှာ ဖြစ်ပွားခဲ့ပါတယ်။

(Photo: AFP)

ငြိမ်းချမ်းစွာ စုံရုံးချီတက် ဆန္ဒပြမှုများအပြင် ဆိုင်များကို ဖျက်ဆီးလုယက်မှု၊ ရဲကားများကို မီးရှိုးမှု၊ အဆောက်အအုံများကို မီးရှို့မှု အပါအဝင် အကြမ်းဖက် ဆူပူအုံကြွမှုတွေ အမေရိကန်တစ်ဝှမ်းမှာ ဖြစ်ပွားနေခဲ့ပါတယ်။ ဆူပူအုံကြွမှုတွေကြောင့် အမေရိကန် မြို့ ၂၅ မြို့ထက်မနည်းမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း လုယက်ခံရတဲ့ ဆိုင်ရှင်တွေကို လူအုပ်စုက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်မှု၊ ဆန္ဒပြလူအုပ်စုအတွင်း လောင်စာဆီတင်ယာဥ်ဖြင့် ဝင်တိုက်မှုတွေ၊ ရဲကားက ဆန္ဒပြလူအုပ်ကို ဝင်တိုက်မှုတွေလည်းရှိခဲ့ပြီး ဝရုန်းသုန်းကား အခြေအနေဖြစ်နေခဲ့ပါတယ်။ ဆူပူအုံကြွများအတွင်း မစ်ဆူရီပြည်နယ် စိန့်လူးဝစ်မြို့မှာ ရဲအရာရှိငါးဦး ဇွန် ၁ ရက်နေ့နှောင်းပိုင်းက သေနတ်ထိမှန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဂျော့ဂျ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို တတိယဒီဂရီ လူသတ်မှုနဲ့ လူသေစေမှုတို့ဖြင့် စွဲချက်တင်ထားပြီး လာမယ့် သီတင်းပတ်အတွင်း တရားရုံးထုတ် ကြားနာစစ်ဆေးသွားမယ်လို့ သိရပါတယ်။ ဂျော့ဂျ်ဖြစ်ရပ်မှာ Derek Chauvin နဲ့ အတူရှိနေခဲ့တဲ့ အခြား ရဲအရာရှိ သုံးဦးကိုတော့ အလုပ်ထုတ်လိုက်ပါတယ်။

ဇွန် ၁ ရက်နေ့က ဂျော့ဂျ်ရဲ့အလောင်းကို တရားဝင် စစ်ဆေးခဲ့မှုအရ ဂျော့ဂျ်သေဆုံးမှုဟာ လူသတ်မှုတစ်ခုဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ပါတယ်။ ထိုသို့ လူသတ်မှုအဖြစ် ကြေညာလိုက်ပြီးနောက်ပိုင်း အမေရိကန်တစ်ဝှမ်းမှာ ဆန္ဒပြ ဆူပူအုံကြွမှုတွေ ပိုမို ဖြစ်ပွားလာနိုင်ခြေရှိနေကြောင်း The Guardian က ပြောပါတယ်။

(Photo: AFP)

ဂျော့ဂျ် သေဆုံးမှုဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ ဂျော့ဂျ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိန်၊ နယူးဇီလန်၊ ဂျာမနီ၊ ပြင်သစ်တို့မှာလည်း ဆန္ဒပြမှု‌တွေ ရှိလာခဲ့ကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က