အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြ ဆူပူအုံကြွမှုများ ခြောက်ရက်မြောက်နေ့အဖြစ် ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။
Ko John

ရဲကဖမ်းဆီးစဥ် လူမည်းအမျိုးသား သေဆုံးမှုအပေါ် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြ ဆူပူအုံကြွမှုများ ခြောက်ရက်မြောက်နေ့အဖြစ် ဆက်လက် ဖြစ်ပွားနေပြီး သမ္မတအိမ်ဖြူတော်အပြင်ဘက်မှာပင် တနင်္ဂနွေနေ့ (မေ ၃၁ ရက်) နှောင်းပိုင်းက ဆန္ဒပြမှုတွေ ပြင်းထန်ခဲ့ပါတယ်။

(Photo: AFP via Getty Images)

သမ္မတဒေါ်နယ်ထရန့် အစိုးရကတော့ ယခု ဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေကို ပြည်တွင်းအကြမ်းဖက်သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုအဖြစ် ပြောဆိုထားပါတယ်။ အိမ်ဖြူတော်ဘေးကပ်လျက်ရှိ ပန်းခြံငယ်တစ်ခုအတွင်း ဆန္ဒပြလူအုပ်နဲ့ လုံခြုံရေးများ အကြမ်းဖက် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အိမ်ဖြူတော်အနီး ဆန္ဒပြ ဆူပူအုံကြွမှုတွေ ရှိလာခဲ့ရာ သမ္မတထရန့်ကို အေးဂျင့်တွေက ကတုတ်ကျင်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးများ၊ ငရုပ်ကောင်းစပရေးများနဲ့ အလင်းဗုံးများသုံးကာ လူစုခွဲရန် လုပ်ဆောင်ခဲ့ကြပါတယ်။ ဆန္ဒပြလူအုပ်က အိမ်ဖြူတော်အနီး မီးရှို့ခဲ့ကြပြီး ပစ္စည်းများကို ဖျက်ဆီးခဲ့ပါတယ်။ မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကို ရဲကဖမ်းဆီးစဥ် ရဲအရာရှိတစ်ဦးက ၎င်းရဲ့လည်ပင်းအား ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့ရာမှ သေဆုံးသွားခဲ့ပါတယ်။

(Photo: AP)

ဂျော့ဂျ်က အသက်ရှူလို့မရတော့ကြောင်း တောင်းပန်ပြောကြားခဲ့ပေမဲ့ ထိုရဲအရာရှိက လည်ပင်းကို ငါးမိနစ် သို့မဟုတ် ၉ မိနစ်ခန့်အထိ ဖိနင်းထားခဲ့တယ်လို့ ဆိုပါတယ်။ ထိုဖြစ်ရပ်အပေါ် မကျေမနပ်ဖြစ်ပြီး မေ ၂၆ ရက် မွန်းလွဲပိုင်းက မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ထို့နောက် ဆန္ဒပြမှုတွေကနေ ဆူပူအုံကြွ အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့ပြီး အခြေအနေ ဆိုးရွားလာခဲ့ပါတယ်။

မင်နီယာပိုလစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြ ဆူပူအုံကြွမှုတွေဟာ ဝါရှင်တန်ဒီစီ၊ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနဲ့ အတ္တလန်တာ အပါအဝင် အမေရိကန်နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၃၀ ထက်မနည်းမှာ ဖြစ်ပွားလာခဲ့ပါတယ်။ ဆန္ဒပြမှုများအပြင် ဆိုင်များကို ဖျက်ဆီးလုယက်မှု၊ ရဲကားများကို မီးရှိုးမှု၊ အဆောက်အအုံများကို မီးရှို့မှု အပါအဝင် အကြမ်းဖက် ဆူပူအုံကြွမှုတွေ အမေရိကန်တစ်ဝှမ်းမှာ ဖြစ်ပွားနေခဲ့ပါတယ်။

(Photo: EPA)

ဆူပူအုံကြွမှုတွေကြောင့် အမေရိကန် မြို့ ၂၅ မြို့ထက်မနည်းမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပါတယ်။ ဆူပူအုံကြွမှုတွေကြောင့် အစောင့်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ပြည်နယ် ၁၅ ခုမှာ ဖြန့်ကျချထားကြောင်းလည်း သိရပါတယ်။ ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း လုယက်ခံရတဲ့ ဆိုင်ရှင်တွေကို လူအုပ်စုက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်မှု၊ ဆန္ဒပြလူအုပ်စုအတွင်း လောင်စာဆီတင်ယာဥ်ဖြင့် ဝင်တိုက်မှုတွေ၊ ရဲကားက ဆန္ဒပြလူအုပ်ကို ဝင်တိုက်မှုတွေလည်းရှိခဲ့ပြီး ဝရုန်းသုန်းကား အခြေအနေဖြစ်နေခဲ့ပါတယ်။

မင်နီယာပိုလစ်မှာ လူမည်းအမျိုးသား ဂျော့ဂျ် သေဆုံးမှုအတွက် ၎င်းရဲ့လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို လူသတ်မှုဖြင့် စွဲချက်တင်ထားပါတယ်။ Derek Chauvin အပါအဝင် ထိုစဥ်က အတူရှိနေခဲ့တဲ့ ရဲအရာရှိ သုံးဦးကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဂျော့ဂျ်ဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ Derek Chauvin, Thomas Lane, Tou Thao နဲ့ J Alexander Kueng တို့ဖြစ်ကြောင်း မင်နီယာပိုလစ်မြို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ Derek Chauvin ကိုတော့ ယနေ့ (ဇွန် ၁ ရက်) ရုံးထုတ်စစ်ဆေးမယ်လို့ ဆိုပါတယ်။

ဂျော့ဂျ် သေဆုံးမှုဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ အမေရိကန်မှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ပြည်သူလူထု ဆူပူအုံကြွမှုတွေအနက် တစ်ခုဖြစ်လာခဲ့ပါတယ်။

(Photo: AP)

အမေရိကန်သမ္မတ ထရန့်ကတော့ ယခု ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူအုံကြွမှုတွေကို လက်ဝဲစွန်းဝါဒီ ANTIFA နဲ့ အခြား လက်ဝဲအုပ်စုတွေက ဦးဆောင်ခဲ့ကြောင်းနဲ့ ၎င်းတို့က အပြစ်မဲ့သူတွေကို အကြမ်းဖက်ခြင်း၊ အလုပ်အကိုင်တွေကို ဖျက်ဆီးခြင်း၊ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခြင်းနဲ့ အဆောက်အအုံတွေကို မီးရှို့ခြင်းများ လုပ်ဆောင်နေကြကြောင်း မှတ်ချက်ပြု ပြောခဲ့ပါတယ်။ ဂျော့ဂျ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဗြိတိန်၊ နယူးဇီလန်နဲ့ ဂျာမနီတို့မှာလည်း ဆန္ဒပြမှုတွေရှိခဲ့ကြောင်း သိရပါတယ်။

Source: The Guardian, AFP,


က္က