ပါတီပွဲကျင်းပရာ နေအိမ်ခြံဝင်းကနေ လူ ၁၀၀ ခန့် ကြောက်လန့်တကြား ထွက်ပြေးလာခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်ရှိ နေအိမ်တစ်အိမ်မှာ ကျင်းပပြုလုပ်တဲ့ ပါတီပွဲတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး အခြား ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ရိုချက်စတာမြို့ရှိ နေအိမ်တစ်အိမ်ရဲ့ ခြံဝင်းထဲမှာ ပါတီပွဲကျင်းပနေစဥ် ဒေသစံတော်ချိန် စက်တင်ဘာ ၁၉ ရက်နေ့ မနက်အကူးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့ ပါတီပွဲကျင်းပရာ နေအိမ်ခြံဝင်းကနေ လူ ၁၀၀ ခန့် ကြောက်လန့်တကြား ထွက်ပြေးလာခဲ့ကြကြောင်း ရိုချက်စတာရဲတပ်ဖွဲ့ အကြီးအကဲ မာ့ခ်ဆမ်မွနန်စ်က ပြောပါတယ်။



"လူ ၁၆ ယောက် ပစ်ခတ်ခံရတယ်လို့ အတည်ပြုထားပါတယ်၊ သေနတ်ဒဏ်ရာရတဲ့ ပစ်ခတ်ခံရသူ ၁၆ ယောက်မှာ ၂ ယောက် သေဆုံးသွားခဲ့ပါတယ်" လို့ ဆမ်မွန်စ်က ဆိုပါတယ်။ ပစ်ခတ်ခံပြီး သေဆုံးခဲ့သူနှစ်ဦးဟာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားနဲ့ အမျိုးသမီးတို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

(Photo: 13 WHAM/Tyler Brown)

ပစ်ခတ်မှုဟာ ပစ်မှတ်ထားတဲ့လုပ်ရပ် သို့မဟုတ် ကြုံရာကြမ်းဖက်လုပ်ရပ် ဖြစ်ကြောင်း အတိအကျ မသိရသေးဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး သံသယရှိသူ တစ်စုံတစ်ဦးကို ဖမ်းဆီးထားခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါတီပွဲမှာဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၁၄ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိဘူးလို့ ဆိုပါတယ်။

နယူးယော့ခ်ပြည်နယ်မှာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်တွေအရ ပါတီပွဲများကျင်းပခြင်းကို တားမြစ်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ နယူးယော့ခ်ဟာ အမေရိကန်မှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး ပြည်နယ်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က