တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူ ၃၀၀ ကျော်ပြီဖြစ်ပါတယ်။

တရုတ်မှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှု အမေရိကန်နိုင်ငံမှာလည်း ပထမဆုံးအကြိမ် တွေ့ရှိလာရကြောင်း သက်ဆိုင်ရာဌာနက အတည်ပြုခဲ့ပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ကူးစက်ခံထားရသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းဟာ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Centers for Disease Control and Prevention - CDC) က ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။



ဇန်နဝါရီ ၁၅ ရက်နေ့က အမေရိကန်ကို ပြန်ရောက်လာခဲ့တဲ့ ထိုအမျိုးသားကို ဝါရှင်တန်ပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ နာမကျန်းဖြစ်မှုအတွက် ကုသပေးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးမှုအရ ထိုအမျိုးသားဟာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့က အတည်ပြနိုင်ခဲ့တယ်လို့ CDC က ဆိုပါတယ်။

(Photo: AFP)

လက်ရှိမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ အမျိုးသားရဲ့အခြေအနေ ကောင်းမွန်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရပြီး အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ်ကြောင့် လက်ရှိအချိန်အထိ တရုတ်နိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီး လူ ၄၀၀ ကျော်မှာ ကူးစက်မှုတွေဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ထိုင်းနိုင်ငံမှာ ၄ ဦး၊ ဂျပန်မှာ တစ်ဦး၊ တောင်ကိုရီးယားမှာ တစ်ဦး၊ ထိုင်ဝမ်မှာ တစ်ဦး၊ အမေရိကန်မှာ တစ်ဦးနဲ့ မကာအိုမှာ တစ်ဦး တွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဝူဟန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကို Novel coronavirus (2019-nCoV) လို့ ရည်ညွှန်းသတ်မှတ်ထားပြီး တိရိစ္ဆာန်ဟာ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ် ဖြစ်နိုင်ခြေအများဆုံးလို့ ထုတ်ပြန်ထားပါတယ်။

(Photo: EPA)

2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ယခုရက်ပိုင်း တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံသားများ ခရီးသွားလာမှု မြင့်တက်လာမှာဖြစ်ရာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

ကမ္ဘာတစ်ဝှမ်း နိုင်ငံတွေက တရုတ်ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် အစီအစဥ်များ တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခွင့်မပြုဘဲ နယ်စပ်ကို ယာယီပိတ်ထားတယ်လို့ တရုတ်အခြေစိုက် Young Pioneer Tours ခရီးသွားလုပ်ငန်းက ပြောပါတယ်။





(Photo: Chen Chi-chuan/AFP)

ယခု ဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။ 

2019-nCoV ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာအချို့

  • WHO က ရည်ညွှန်းသတ်မှတ်ထားတဲ့ 2019-nCoV ဗိုင်းရပ်စ်ဟာ ယခင်က လူသားတွေမှာ မတွေ့ခဲ့ရဖူးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်ပါတယ်။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ် (coronavirus) တွေဟာ ဗိုင်းရပ်စ်အများအပြားပါဝင်တဲ့ အုပ်စုမှဖြစ်ပြီး ယခင်က ထိုအုပ်စုထဲမှ ဗိုင်းရပ်စ်ခြောက်မျိုးသာ လူတွေကို ကူးစက်ခဲ့ဖူးပါတယ်။ ယခု တရုတ်မှာ ကူးစက်ပျံ့နှံ့နေတဲ့ 2019-nCoV ဗိုင်းရပ်စ်က လူတွေကို ကူးစက်တဲ့ ခုနစ်ခုမြောက် ဗိုင်းရပ်စ်ဖြစ်လာပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်ရဲ့ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ခြေ အများဆုံးလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ ထိုဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ လျင်မြန်စွာကူးစက်နိုင်ပါတယ်။
  • ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ အပါအဝင် ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိရိစ္ဆာန်တွေကို အကာအကွယ် မလုပ်ထားဘဲ ထိတွေ့ခြင်း မပြုရန်၊ အသားနဲ့ ဥတွေကို သေချာစွာ ချက်ပြုတ်ကြရန်နဲ့ အအေးမိ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာရှိနေသူတွေနဲ့ အနီးကပ် ထိတွေ့နေထိုင်ခြင်း မပြုရန် အကြံပြုထားပါတယ်။

Share

Loading Next Article...
က္က