လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာကြတဲ့ ကုမ္ပဏီတွေက ဝန်ထမ်းခေါ်ယူမှု များပြားလာခဲ့ပါတယ်။

အမေရိကန်မှာ COVID-19 ကြောင့် စီးပွားရေးကျဆင်းခဲ့ပြီးနောက်ပိုင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာကြတဲ့ ကုမ္ပဏီတွေက ဝန်ထမ်းခေါ်ယူမှု များပြားလာခဲ့ရာ ဇွန်လအတွင်း အလုပ်အကိုင်နေရာ ၄.၈ သန်း စံချိန်တင် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Getty Images)

အမေရိကန်တစ်ဝှမ်း စက်ရုံများနဲ့ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်လုပ်ကိုင်လာခြင်းနဲ့အတူ အလုပ်အကိုင်နေရာ အများဆုံး ဖန်တီးပေးနိုင်မှုဟာ အလုပ်သမားဌာနက အချက်အလက်များ စတင်မှတ်တမ်းတင်ခဲ့တဲ့ ၁၉၃၉ ခုနှစ်နောက်ပိုင်း အများဆုံးအရေအတွက် ဖြစ်လာပါတယ်။ မေလအတွင်း အလုပ်အကိုင်ရရှိမှု ၂.၅ သန်းသို့ ပြန်လည် မြင့်တက်လာခဲ့ပြီးနောက် ဇွန်လမှာတော့ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။



သို့သော် လတ်တလောမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေမှုကြောင့် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အခြေအနေအတွက် စိုးရိမ်မှုများလည်း ရှိနေပါတယ်။ အလုပ်သမားဌာနရဲ့ သီးခြား အချက်အလက်တွေအရလည်း ဇွန် ၂၇ ရက်နေ့အထိ သတ်မှတ်တဲ့ တစ်ပတ်အတွင်း အလုပ်လက်မဲ့ဖြစ်မှုဟာလည်း ယခင်အပတ်ကထက် အနည်းငယ် လျော့နည်းသွားခဲ့ပြီး ၁.၄၃ သန်းဖြစ်ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

လတ်တလော ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ်တို့ရှိ ကုမ္ပဏီတွေကတော့ လုပ်ငန်းများ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်မယ့်အစီအစဥ်တွေနဲ့ ဝန်ထမ်းခန့်အပ်မှုတွေကို ဆိုင်းငံ့ထားကြပါတယ်။ အဆိုပါ ပြည်နယ်တွေဟာ အမေရိကန်မှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာသစ်များ ဖြစ်လာခဲ့ပါတယ်။

အမေရိကန်မှာ ဇူလိုင် ၁ ရက်နေ့က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၅၂,၉၈၂ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှ လက်ရှိအချိန်အထိ နေ့အလိုက် ကူးစက်မှုအသစ် အများဆုံး စံချိန်သစ်ထပ်တင်ခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: CNN)

အမေရိကန်ရဲ့ ထိပ်တန်းသုတေသီ ဒေါက်တာ Anthony Fauci ကလည်း နိုင်ငံမှာ COVID-19 ကူးစက်မှုတွေဟာ တစ်ရက်လျှင် ၁၀၀,၀၀၀ အထိ ဖြစ်လာနိုင်ကြောင်း ယခု သီတင်းပတ်အတွင်း သတိပေးထားခဲ့ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ နေရာတွေကိုသာ အာရုံမစိုက်နိုင်ကြောင်းနဲ့ တစ်နိုင်ငံလုံးဟာ အန္တရာယ်ရှိနေကြောင်းလည်း ၎င်းကဆိုပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၈ သန်းကျော်နဲ့ သေဆုံးသူ ၁၃၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်မှာ COVID-19 ကနေ ပြန်လည်သက်သာလာသူ ၁.၁ သန်းကျော်ရှိကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က