ဝါရှင်တန်ဒီစီရှိ အသွားအလာ ရှုပ်ထွေးများပြားတဲ့ လမ်းမတစ်ခုပေါ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်ဒီစီရှိ အသွားအလာ ရှုပ်ထွေးများပြားတဲ့ လမ်းမတစ်ခုပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးပြီး အခြားရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: Popville/Twitter)

ဒေသစံတော်ချိန် ယမန်နေ့ (ဇူလိုင် ၁၉ ရက်) မွန်းလွဲပိုင်းမှာ အမျိုးသားသုံးဦးက ပစ်ခတ်ခဲ့ပြီး ပစ်မှတ်ထားတဲ့ သေနတ်ဖြင့် တိုက်ခိုက်မှုဖြစ်တယ်လို့ ယူဆထားပါတယ်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူ ကိုးဦးအနက် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့အကြီးအကဲ ပီတာနယူးစ်ဟမ်းက ပြောပါတယ်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူတွေအနက် တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ပါတယ်။ အခြား ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။



(Photo: @EvanLambertTV/Twitter)

"နေ့ခင်းကြောင်တောင် အရမ်း အရမ်းကို အသွားအလာ ရှုပ်ထွေးများပြားလွန်းချိန်မှာ ပြောင်ကျကျ တိုက်ခိုက်မှုက ဒီလူမှုအသိုင်းအဝိုင်းအတွက် ထိတ်လန့်စရာကောင်းတာ သေချာပါတယ်၊ သူတို့က လူတိုင်းကို အန္တရာယ်ထဲ တွန်းပို့နေတာပဲ" လို့ ရဲတပ်ဖွဲ့အကြီးအကဲ ပီတာနယူးစ်ဟမ်းက ပြောပါတယ်။

၁၄ လမ်းနဲ့ Spring လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှ သေနတ်သမားသုံးဦးအနက် နှစ်ဦးက အနက်ရောင် ခေါင်းစွပ်ပါဂျာကင် သို့မဟုတ် အားကစားအင်္ကျီ ဝတ်ဆင်ထားကြောင်း ပီတာနယူးစ်ဟမ်းက‌ ဆိုပါတယ်။ နောက်တစ်ဦးမှာ ခဲရောင် အားကစားအင်္ကျီနဲ့ အနက်ရောင်မှာ အဖြူစင်းပါ အားကစားဘောင်းဘီကို ဝတ်ဆင်ထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

(Photo: @EvanLambertTV/Twitter)

သေနတ်သမားသုံးဦးအနက် နှစ်ဦးက သေနတ်အရှည်များ ကိုင်ဆောင်ထားပြီး နောက်တစ်ဦးက ပစ္စတိုတစ်လက် ကိုင်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူတွေဟာ အသက် ၁၈ နှစ်မှ ၆၂ နှစ်ကြားအရွယ်တွေ ဖြစ်တယ်လို့ မြို့တော်တာဝန်ရှိသူများကို ကိုးကားပြီး Washington Post သတင်းက ဖော်ပြပါတယ်။ ယခု ပစ်ခတ်မှုဟာ လုပ်ဖော်ကိုင်ဖက်တစ်စု အငြင်းပွားမှုက‌နေ စတင်ခဲ့တယ်လို့ ယူဆရကြောင်း ပီတာနယူးစ်ဟမ်းကို ကိုးကားပြီး Washington Post က ပြောထားပါတယ်။ 

.

Share

Loading Next Article...
က္က