သေနတ်သမားသုံးဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်ဒီစီမှာ ဒေသစံတော်ချိန် ဩဂုတ် ၉ ရက် အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်တစ်ဦး သေဆုံးပြီး အခြား ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

ဩဂုတ် ၉ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ သေနတ်သမားသုံးဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူတွေအနက် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ရဲအရာရှိတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိအချိန်အထိ သေနတ်သမားများ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။



ဝါရှင်တန်ဒီစီ အရှေ့တောင်ပိုင်း ခရိုင်တစ်ခုမှာ ရာနဲ့ချီတဲ့ လူအများအပြား စုရုံးမှုတစ်ခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ ပီတာနယူးစ်ဟမ်းနဲ့ ဝါရှင်တန်မြို့တော်ဝန် မူရီရယ်ဘောင်ဆာတို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒေသခံမီဒီယာက ယခုပစ်ခတ်မှုဖြစ်ရပ်ဟာ ခွင့်ပြုချက်မပေးဘဲ တားမြစ်ထားတဲ့ ပါတီပွဲတစ်ခုမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AP)

ထိုပါတီပွဲဟာ COVID-19 ထိန်းချုပ်ရေး လူ ၅၀ ထက်ပိုတဲ့ အများပြည်သူ စုရုံးတွေ့ဆုံမှု တားမြစ်ချက်ကို ချိုးဖောက်ခဲ့တယ်လို့ ဝါရှင်တန်မြို့တော်ဝန်က ပြောခဲ့ပါတယ်။ "သေချာတာက အဲဒီမှာ လူအများအပြားရှိနေခဲ့တယ်၊ COVID-19 ကာလအတွင်း ကျွန်တော်တို့မြို့မှာ ဒီလိုပုံစံမျိုး စုရုံးမှုတွေကို သည်းမခံနိုင်ပါဘူး" ရဲတပ်ဖွဲ့အကြီးအကဲ နယူးစ်ဟမ်းက ပြောပါတယ်။

ဩဂုတ် ၉ ရက် ဒေသစံတော်ချိန် မနက် ၁၂ နာရီ မိနစ် ၂၀ အချိန်ခန့်မှာ အငြင်းပွားမှုဖြစ်စဥ် အနည်းဆုံး သေနတ်သမားသုံးဦးက ပစ်ခတ်ခဲ့ရာ လူ ၂၁ ဦး ထိမှန်ခံရပြီး တာဝန်ချိန်ပြင်ပ အမျိုးသမီး ရဲအရာရှိတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ "သူမက အခုလက်ရှိ ဒေသခံ ဆေးရုံတစ်ရုံမှာ အသက်လုနေရပါတယ်" လို့ နယူးစ်ဟမ်းက ပြောခဲ့ပါတယ်။

(Photo: AP)

ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် အမျိုးသမီး ၁၁ ဦးထက်မနည်း ပါဝင်ပါတယ်။ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူဟာ အသက် ၁၇ နှစ်အရွယ် ခရစ္စတိုဖာဘရောင်းဖြစ်ပြီး ဒေသခံ ဆေးရုံတစ်ရုံမှာ သေဆုံးခဲ့ပါတယ်။ ပစ်ခတ်ခံရသူ အများစုကတော့ အရွယ်ရောက်ပြီးသူတွေဖြစ်ပြီး ဒဏ်ရာရသူတွေအနက် ရဲအရာရှိမှအပ အားလုံးဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

လတ်ရှိမှာ သေနတ်သမားအဖြစ် သံသယရှိသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နေရာမှ ပစ္စတိုအပါအဝင် သေနတ်များကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အပြောင်းအလဲ ရှိလာနိုင်ပါတယ်)

Share

Loading Next Article...
က္က