စစ်ဘက်ဆေးရုံသို့သွားရောက်ခဲ့စဥ်အတွင်း တစ်ချိန်လုံး mask တပ်ထားတာ တွေ့ခဲ့ရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ စတင်ခဲ့စဥ်ကတည်းက mask တပ်ရန် ဝန်လေးနေခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို လူအများမြင်ကွင်းမှာ ပထမဆုံးအကြိမ် mask တပ်ထားတာ တွေ့လာခဲ့ရကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: Patrick Semansky/AP)

သမ္မတထရန့်ဟာ စနေနေ့ (ဇူလိုင် ၁၁ ရက်) က ဝါရှင်တန်အပြင်ဘက်ရှိ Walter Reed စစ်ဘက်ဆေးရုံသို့သွားရောက်ပြီး ဒဏ်ရာရစစ်သည်များ၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများနဲ့ တွေ့ဆုံခဲ့စဥ်အတွင်း တစ်ချိန်လုံး mask တပ်ထားတာ တွေ့ခဲ့ရပါတယ်။ "ကျွန်တော် mask တွေတပ်တာကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ပါဘူး၊ ဒါပေမဲ့ ဒါတွေတပ်ရမယ့် အချိန်နဲ့နေရာရှိတယ်လို့ ကျွန်တော် ထင်မြင်ပါတယ်" လို့ ထရန့်က အိမ်ဖြူတော်ကနေ ထွက်ခွာခဲ့စဥ် ပြောခဲ့ပါတယ်။



ထရန့်ဟာ mask တပ်မှာ မဟုတ်ဘူးလို့ ယခင်က ပြောထားခဲ့ဖူးပြီး ပြိုင်ဘက်ဖြစ်သူ ဒီမိုရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကို mask တပ်ထားတဲ့အတွက်က ပျက်ရယ်ပြုခဲ့ပါသေးတယ်။ သို့သော် စနေနေ့မှာတော့ "ဆေးရုံတစ်ရုံမှာရှိနေချိန်၊ အထူးသဖြင့် စစ်သားတွေနဲ့ လူတွေ အများကြီးကို စကားပြောနေတဲ့ ဒီလို ပတ်ဝန်ကျင်းမှာ mask တပ်တာကောင်းပါတယ်" လို့ ထရန့်က ဆိုပါတယ်။

(Photo: Patrick Semansky/AP)

အမေရိကန်မှာ ဇူလိုင် ၁၁ ရက်နေ့က COVID-19 ကူးစက်ခံရသူ ၆၆,၅၂၈ ဦးအထိ တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအသစ် အမြင့်ဆုံး စံချိန်သစ် ထပ်တင်မှုနဲ့အတူ mask နဲ့ ပတ်သက်တဲ့ သမ္မတထရန့်ရဲ့လေသံ ပြောင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃.၃ သန်းကျော်၊ သေဆုံးသူ ၁၃၇,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၅ သန်းကျော်ရှိခဲ့ပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း အမေရိကန်ပြည်နယ် ၄၀ ခန့်မှာ ကူးစက်မှုတွေ မြင့်တက်နေပြီး အာရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ တက္ကဆက်ပြည်နယ်တွေမှာ ကူးစက်မှုတွေ သိသိသာသာ တိုးလာနေပါတယ်။ ဇူလိုင် ၁၂ ရက် ထုတ်ပြန်မှုတွေအရ ဖလော်ရီဒါပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၅,၃၀၀ နဲ့ သေဆုံးသူ ၄၅ ဦး တိုးလာခဲ့ပါတယ်။

(Photo: Patrick Semansky/AP)

ယခုတွေ့ရှိရတဲ့ ကူးစက်မှုအရေအတွက်ဟာ ဇူလိုင် ၄ ရက်နေ့က ကူးစက်ခံရသူအသစ် ၁၁,၄၅၈ ဦး တိုးလာခဲ့မှုထက် ပိုမိုများပြားခဲ့ပြီး ဖလော်ရီဒါပြည်နယ်မှာ နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီ ၁၀ ရက်နေ့က နယူးယော့ခ်မှာ တွေ့ရှိခဲ့ရတဲ့ COVID-19 ကူးစက်ခံရသူအသစ် ၁၂,၈၄၇ ဦးကို ကျော်လွန်သွားခဲ့ပြီး အမေရိကန်ပြည်နယ်တွေမှာ နေ့အလိုက် ကူးစက်မှုများအနက် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ Walt Disney World အပန်းဖြေနေရာကို ပြန်ဖွင့်ခဲ့ပြီး နောက်တစ်ရက်မှာ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်းလည်း Reuters သတင်းက ပြောပါတယ်။ 

.

Share

Loading Next Article...
က္က