သံသယရှိသူနှစ်ဦးက ရဲစုံထောက်ကို ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဂျာစီမြို့မှာ နာရီနဲ့ချီကြာမြင့်တဲ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး၊ အရပ်သားသုံးဦးနဲ့ သံသယရှိသူနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်က ဂျာစီမြို့ Bay View သုဿန်မှာတွေ့ရတဲ့ သံသယရှိသူနှစ်ဦးကို စစ်ဆေးမေးမြန်းရန် ရဲတပ်ဖွဲ့ စုံထောက်တစ်ဦးက ချဥ်းကပ်ခဲ့စဥ် အဆိုပါ စုံထောက်ကို ပစ်သတ်ပြီးနောက် ၎င်းတို့က U-Haul ကုမ္ပဏီ သယ်ယူပို့ဆောင်ရေးယာဥ်ကို ခိုးယူမောင်းနှင်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ထို့နောက် သံသယရှိသူနှစ်ဦးဟာ ဂျာစီမြို့ရှိ Kosher စူပါမတ်ကက်အတွင်း ဝင်ပြေးသွားခဲ့ပြီး အကာအကွယ်ယူခဲ့ကြပါတယ်။



(Photo: AP)

၎င်းတို့နှစ်ဦးက ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားခဲ့ကြပြီး Kosher စူပါမတ်ကက်အတွင်းမှာ လူသုံးဦးကို ပစ်သတ်ခဲ့ပါတယ်။ အစောပိုင်းမှာ ပစ်သတ်ခံရတဲ့ ရဲစုံထောက်မှာ အသက် ၃၉ နှစ်အရွယ် ဂျိုးဇက်ဆီးလ်ဖြစ်ပြီး ရဲတပ်ဖွဲ့မှာ ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလို့ သိရပါတယ်။ စူပါမတ်ကက်ကို SWAT အထူးတပ်ဖွဲ့က ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ကာ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အဆိုပါ သံသယရှိသူ သေနတ်သမားနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

(Photo: AFP via Getty Images)

ယခုဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ အဆိုအရ Kosher စူပါမတ်ကက်ကို SWAT က ဝိုင်းထားပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများ နောက်ထပ် နှစ်နာရီကြာ ဖြစ်ပွားနေခဲ့တယ်လို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် လူအချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ထိုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုလို့ မယုံကြည်ကြောင်းနဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။




Share

Loading Next Article...
က္က