၂၀၂၀ ခုနှစ် အတ္တန်တစ် မုန်တိုင်းရာသီရဲ့ ပထမဆုံး ဟာရီကိန်းမုန်တိုင်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ကမ်းရိုးတန်းကို ဒေသစံတော်ချိန် ဇူလိုင် ၂၅ ရက် နှောင်းပိုင်းမှာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်ခဲ့ကြောင်း အမေရိကန်ဟာရီကိန်းစင်တာ (National Hurricane Centre - NHC) က ပြောပါတယ်။

(Photo: Alvin Baez/Reuters)

မုန်တိုင်းဟန်နာ (Hanna) ဟာ တက္ကဆက်ပြည်နယ် ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ ဟာရီကိန်းအဆင့်သို့ အားကောင်းလာခဲ့ပြီး ၂၀၂၀ ခုနှစ် အတ္တန်တစ် မုန်တိုင်းရာသီရဲ့ ပထမဆုံး ဟာရီကိန်းမုန်တိုင်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ဟာရီကန်းဟန်နာဟာ တက္ကဆက်ပြည်နယ်တောင်ပိုင်းကို အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၉၀ ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း NHC က ထုတ်ပြန်ပါတယ်။



မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းထားပြီး ကုန်းတွင်းပိုင်ကို ဖြတ်သန်းတိုက်ခတ်စဥ် လျင်မြန်စွာ အားလျော့သွားမယ်လို့လည်း NHC က အစောပိုင်းမှာ ပြောထားပါတယ်။ Twitter မှာတွေ့ရတဲ့ ဗီဒီယိုမှတ်တမ်းအချို့က မုန်တိုင်းမဝင်မီမှာပင် တက္ကဆက်ပြည်နယ် ကမ်းရိုးတန်းဒေသ Nueces County ရှိ Port Aransas မြို့မှာ ကောင်းကင်တစ်ခွင် မိုးမှောင်ကျနေပြီး ကမ်းခြေတစ်လျှောက် ရေလှိုင်းများ ရိုက်ခတ်နေခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Caller-Times via Imagn Content Services)

ဟာရီကိန်းဟန်နာဟာ Corpus Christi နဲ့ Brownsville မြို့ကြား ကမ်းရိုးတန်းနေရာကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်ဟာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ရုန်းကန်နေရကြောင်းလည်း သိရပါတယ်။ တက္ကဆက်ပြည်နယ်ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကူးစက်မှုများ သောင်းနဲ့ချီ မြင့်တက်ခဲ့ပြီး လူဦးရေ ၃၂၅,၀၀၀ ကျော်ရှိတဲ့ Corpus Christi မြို့မှာ COVID-19 ကြောင့် လူ ၄၀၀ ကျော်ကို သောကြာ‌နေ့ (ဇူလိုင် ၂၄ ရက်) က ဆေးရုံတင်ခဲ့ရပါတယ်။

Corpus Christi မြို့ရဲ့တောင်ဘက်ရှိ တက္ကဆက်ပြည်နယ် Kelberg County မှ ဒေသခံတွေကို ဟာရီကိန်းမုန်တိုင်း မဝင်ရောက်မီ ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားပါတယ်။ ဟာရီကိန်းဟန်နာဟာ ယခုနှစ် မုန်တိုင်းရာသီမှာ အမေရိကန်နိုင်ငံအတွင်း မက္ကစီကိုပင်လယ်ကွေ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့ ဒုတိယမြောက် မုန်တိုင်းလည်း ဖြစ်လာပါတယ်။

(Photo: @NWSCorpus/Twitter)

ဟန်နာမတိုင်ခင်က အပူပိုင်းမုန်တိုင်း ခရစ္စတိုဘဲလ် (Tropical Storm Cristobal) က လူဝီစီးယားနားပြည်နယ်ကို ဇွန်လအစောပိုင်းမှာ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဟာရီကိန်းဟန်နာ တိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တောင်ပိုင်းနဲ့ မက္ကစီကိုနိုင်ငံ အရှေ့မြောက်ပိုင်းတို့မှာ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေတက်ရောက်မှု၊ ရုတ်တရက်ရေကြီးမှုနဲ့ မိုးရေချိန် ၁၅ လက်မအထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

.

Share

Loading Next Article...
က္က