ကူးစက်မှုမြင့်တက်နေတဲ့ ပြည်နယ်အများစုဟာ အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့ရှိ လူနေကျဲပါးတဲ့ နေရာတွေဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၅၀ အနက် ၂၂ ခုမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေကြောင်း Reuters သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။

(Photo: Reuters)

သီတင်းပတ်ကုန်ရက်တွေနဲ့ အမေရိကန် အလုပ်သမားနေ့ (Labour Day) ဖြစ်တဲ့ တနင်္လာနေ့ (စက်တင်ဘာ ၇ ရက်) အားလပ်ရက်အတွင်း အစဥ်အလာအရ မိသားစုများ စုရုံးတွေဆုံပွဲတွေနဲ့ နွေရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ်ပါတီပွဲများ ကျင်းပပြုလုပ်ခဲ့ကြတဲ့ အခြေအနေကလည်း စိုးရိမ်ပူပန်စရာ ဖြစ်ခဲ့တယ်။



အမေရိကန်မှာ ပြီးခဲ့တဲ့ သုံးပတ်အတွင်း ဟာဝိုင်ယီ၊ အီလီနွိုက်စ်နဲ့ တောင်ပိုင်းဒါကိုတာ ပြည်နယ်သုံးခုမှာသာ ကူးစက်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ အမေရိကန် ပြည်နယ် ၂၂ ခုအနက် အများစုဟာ အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့ရှိ လူနေကျဲပါးတဲ့ နေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ရာခိုင်နှုန်းအားဖြင့် တောင်ပိုင်းဒါကိုတာပြည်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကူးစက်မှုအသစ် ၃,၇၀၀ တွေ့ရှိခဲ့ရပြီး ရာခိုင်နှုန်းအရ ၁၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ကူးစက်မှုအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

(Photo: Reuters)

ကူးစက်မှုတွေဟာ တောင်ပိုင်းဒါကိုတာရှိ Sturgis မြို့မှာ နှစ်စဥ် ဩဂုတ်လအတွင်း ပြုလုပ်နေကျ ဆိုင်ကယ်များ စီတန်းမောင်းနှင်ပွဲကို လာရောက်ကြတဲ့ ထောင်နဲ့ချီတဲ့ မော်တော်ဆိုင်ကယ်စီးသူတွေအနက်မှ ရာဂဏန်းအရေအတွက်နဲ့ ဆက်နွယ်နေကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေ ပြောပါတယ်။

ထို့အတူ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အိုင်အိုဝါပြည်နယ်မှာ ကူးစက်မှုအသစ် ၁၃,၆၀၀ နဲ့ မြောက်ပိုင်းဒါကာတိုပြည်နယ်မှာ ၃,၆၀၀ တိုးလာခဲ့ပြီး COVID-19 ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်နေခဲ့ပါတယ်။ လူဦးရေ အထူထပ်ဆုံး ပြည်နယ်တွေဖြစ်တဲ့ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါနဲ့ တက္ကဆက်တို့မှာတော့ ကူးစက်မှုတွေ လျော့ကျနေတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ နှစ်ပတ်နဲ့ ယခင်နှစ်ပတ်ကို နှိုင်းယှဥ်မှုအရ ကယ်လီဖိုးနီးယားမှာ ကူးစက်မှု ၃၉,၀၀၀ လျော့ကျသွားခဲ့ပြီး ပြည်နယ် ၂၂ ခုမှာတော့ အဆိုပါ အချိန်ကာလတူမှာ ကူးစက်မှု ၃၇,၀၀၀ မြင့်တက်လာခဲ့ကြောင်း Reuters သတင်းဌာနက ပြည်နယ်နဲ့ နိုင်ငံရဲ့ COVID-19 အချက်အလက်တွေကို လေ့လာလဆန်းစစ်မှုအရ သိရှိရပါတယ်။

အမေရိကန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဇူလိုင်လမှာ ကူးစက်မှုအထွတ်အထိပ် ဖြစ်ခဲ့စဥ်ကထက် လျော့ကျသွားခဲ့ပါတယ်။ သီတင်းပတ်ကုန်ရက်တွေနဲ့ စက်တင်ဘာ ၇ ရက် အလုပ်သမားနေ့ အားလပ်ရက်တွေမှာ ပျမ်းမျှ နေ့စဥ် ကူးစက်မှုအသစ်တွေဟာ ၄၄,၀၀၀ အထိ ရှိလာခဲ့ပါတယ်။ ထိုကူးစက်မှုအသစ် အရေအတွက်ဟာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေကို ဂုဏ်ပြုခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် (Memorial Day) အားလပ်ရက်တွေဖြစ်တဲ့ မေ ၂၃ ရက်မှ ၂၅ ရက်မတိုင်မီ အရေအတွက်ထက် နှစ်ဆဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

အမေရိကန်မှာ ဇူလိုင်လအတွင်း ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်မှုဟာ Memorial Day ဝန်းကျင်မှာ လူစုလူဝေးဖြင့် စုရုံးကြမှုတွေကြောင့်လည်း ဖြစ်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူ အများအပြားက အပြစ်ဖို့ကြပါတယ်။ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၁,၀၀၀ ခန့်ရှိနေပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၉၀,၀၀၀ ကျော်ပြီးဖြစ်ကာ ကမ္ဘာတစ်ဝန်း အများဆုံးဖြစ်ပါတယ်။ အမေရိကန်ဟာ COVID-19 ကူးစက်မှုမှာလည်း တစ်ကမ္ဘာလုံးမှာ အများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၆.၄ သန်းကျော်ရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က