ဖလော်ရီဒါ၊ မစ္စစ္စပီနဲ့ အလာဘားမား အပါအဝင် အမေရိကန်တောင်ပိုင်းမှာ မုန်တိုင်းအန္တရာယ်ရှိနေပါတယ်။

အမေရိကန် ပင်လယ်ကွေ့ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း ချဥ်းကပ်လာနေပြီး ဖလော်ရီဒါ၊ မစ္စစ္စပီနဲ့ အလာဘားမား ပြည်နယ်တွေ အပါအဝင် အမေရိကန်တောင်ပိုင်းမှာ မုန်တိုင်းအန္တရာယ်ရှိနေကြောင်း သိရပါတယ်။

(Photo: Reuters)

ဟာရီကိန်း Sally ဟာ တနင်္လာ‌နေ့ (စက်တင်ဘာ ၁၄ ရက်) မှာ ပြင်းအားအဆင့် ၂ (Category 2) မုန်တိုင်းအဖြစ် အားကောင်းလာခဲ့ပြီး ဗုဒ္ဓဟူး‌နေ့ (စက်တင်ဘာ ၁၆ ရက်) အစောပိုင်းမှာ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဟာရီကိန်းမုန်တိုင်းကြောင့် မိုးရေချိန် ၁၂ လက်မကျော် ရွာသွန်းနိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၈၅ မိုင်ဖြင့် တိုက်ခတ်နိုင်ကြောင်းနဲ့ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေများ တက်ရောက်နိုင်ကြောင်း တာဝန်ရှိသူ‌တွေက ပြောပါတယ်။



အလာဘားမားနဲ့ မစ္စစ္စပီတို့မှာ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရပါတယ်။ စက်တင်ဘာ ၁၄ ရက် ည ၉ နာရီအချိန်အထိ ဟာရီကိန်း Sally ဟာ မစ္စစ္စပီပြည်နယ် Biloxi မြို့ရဲ့ အရှေ့တောင်ဘက် ၁၄၅ မိုင်အကွာမှာရှိနေပြီး ကမ်းရိုးတန်းဘက်သို့ တစ်နာရီလျှင် ၆ မိုင်နှုန်းဖြင့် ဦးတည်ရွေ့လျားနေပါတယ်။

(Map: Google)

မုန်တိုင်းဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ Biloxi မြို့အနီးကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း မစ္စစ္စပီပြည်နယ်အုပ်ချုပ်ရေးမှူး Tate Reeves က ပြောပါတယ်။ National Hurricane Center (NHC) က ထုတ်ပြန်ချက်အရ ဟာရီကိန်း Sally ဟာ လူဝီစီးယားနားပြည်နယ်ကို တိုက်ရိုက် ဝင်ရောက်မှာမဟုတ်ကြောင်း ခန့်မှန်းထားပေမဲ့ မုန်တိုင်းဒီရေများ တက်ရောက်မှုနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ပြောထားပါတယ်။ 

Sally ဟာ ယနေ့ (စက်တင်ဘာ ၁၄ ရက်) ညပိုင်းနဲ့ အင်္ဂါနေ့ (စက်တင်ဘာ ၁၅ ရက်) အစောပိုင်းမှာ ပိုမိုအားကောင်းလာနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းကို ချဥ်းကပ်လာချိန်မှာ အန္တရာယ်ရှိတဲ့ ဟာရီကိန်းမုန်တိုင်း ဖြစ်လာနိုင်ကြောင်း NHC က သတိပေးခဲ့ပါတယ်။ လူဝီစီးယားနားပြည်နယ် နယူးစ်အော်လန်းမြို့မှာ မုန်တိုင်းအန္တရာယ်ရှိ နေရာများမှ ဒေသခံတွေကို ရွှေ့ပြောင်းကြရန် ညွှန်ကြားထားပါတယ်။

(Photo: Getty Images)

လူဝီစီးယားနားပြည်နယ်မှာ လွန်ခဲ့တဲ့ သုံးပတ်အကြာက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းလော်ရာကြောင့် စက်တင်ဘာ ၁၄ ရက်နေ့အထိ နေအိမ် ၈၀,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြန်မရသေးဘူးလို့ ဆိုပါတယ်။ ယခုနှစ် မုန်တိုင်းရာသီမှာ အတ္တလန်တစ်သမုဒ္ဒရာအတွင်း Sally မတိုင်မီ Paulette, Renee, Teddy နဲ့ Vicky အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရပါတယ်။ 

Source: CNN, BBC

Share

Loading Next Article...
က္က