အီရန်ဗိုလ်ချုပ်ကြီးကိုသတ်ရန် သမ္မတထရန့်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း အီရန်စစ်တပ်မှ အရေးပါတဲ့ ဗိုလ်ချုပ်ကြီး ကွာဆမ်ဆိုလီမန်နီ သေဆုံးသွားကြောင်း အမေရိကန်နဲ့ အီရန်က အတည်ပြုခဲ့ပါတယ်။

(ဘဂ္ဂဒက်လေဆိပ်အပြင်ဘက်မှာတွေ့ရသည့် အပျက်အစီးမြင်ကွင်း) (Photo: AP)

အီရတ်လေဆိပ်မှာ အမေရိကန်က ယနေ့ (ဇန်နဝါရီ ၃ ရက်) တိုက်ခိုက်ခဲ့မှုအတွင်း အီရန်တပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင် သေဆုံးခဲ့မှုက အမေရိကန်နဲ့အီရန် နှစ်နိုင်ငံကြား တင်းမာမှုကို သိသာစွာ မြင့်တက်လာစေမယ်လို့ သုံးသပ်ကြပါတယ်။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားမှုအရ အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီကိုသတ်ရန် သမ္မတဒေါ်နယ်ထရန့်က အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။



ဗိုလ်ချုပ်ကြီး ဆိုလီမန်နီဟာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့အကြီးအကဲဖြစ်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ ယခုသီတင်းပတ်အတွင်း ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို အီရန်လိုလားတဲ့ လူအုပ်စုက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးနောက် သမ္မတထရန့်က အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီကိုသတ်ရန် အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

(အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ) (Photo: AFP)

အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ သေဆုံးမှုအတွက် နိုင်ငံတစ်ဝှမ်း သုံးရက်ကြာ ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်အဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက ကြုံးဝါးလိုက်ပါတယ်။

ယနေ့ မနက်အစောပိုင်းက အီရန်နဲ့ အနီးကပ်ဆက်ဆံရေးရှိထားတဲ့ အီရတ်စစ်တပ်နဲ့ စင်ပြိုင်တပ်ဖွဲ့ Hashed al-Shaabi ရဲ့ ယာဥ်တန်းကို ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထိမှန်ခဲ့ပါတယ်။ ထို့နောက် နာရီပိုင်းအကြာမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဗိုလ်ချုပ်ကြီး ဆိုလီမန်နီဟာ ယနေ့မနက်ပိုင်းက ဘဂ္ဂဒက်လေဆိပ်မှာ အမေရိကန်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Reuters)

Hashed al-Shaabi တပ်ဖွဲ့ကလည်း အမေရိကန်က ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ၎င်းတို့ရဲ့ကားကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီနဲ့ လက်ထောက်ဖြစ်သူ အဘူမာဟ်ဒီ အယ်လ်မူဟန်ဒစ်တို့ သေဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်။ ရှီအာမွတ်စလင်မ် လက်နက်ကိုင်အများစု ပါဝင်ကြတဲ့ Hashed al-Shaabi တပ်ဖွဲ့မှ အများအပြားဟာ အီရန်နဲ့ အနီးကပ်ဆက်ဆံရေးရှိသူတွေ ဖြစ်ပါတယ်။

သို့သော် Hashed al-Shaabi တပ်ဖွဲ့က အီရတ်နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့များနဲ့လည်း တရားဝင် ပေါင်းစည်းထားကြောင်း သိရပါတယ်။ Hashed al-Shaabi တပ်ဖွဲ့က ၂၀၁၄ ခုနှစ်အတွင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုကို တိုက်ခိုက်ရာမှာ အီရတ်စစ်တပ်နဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

(အီရန်ခေါင်းဆောင် ခါမေနီနှင့် ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ) (Photo: Office of the Supreme Leader)

Hashed al-Shaabi တပ်ဖွဲ့ဝင် အများအပြားဟာ အမေရိကန်ကို ဆန့်ကျင်တိုက်ခိုက်မှု အပါအဝင် အီရတ်စစ်ပွဲကာလအတွင်း တိုက်ခိုက်မှုအတွေ့အကြုံရှိသူတွေလည်း ဖြစ်ကြပါတယ်။ အီရတ်လေဆိပ်မှာ အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်တပ်ဖွဲ့အကြီးအကဲ သေဆုံးခဲ့ခြင်းက အစောပိုင်းကတည်းက ဆက်ဆံရေးတင်းမာနေကြတဲ့ နှစ်နိုင်ငံကြား အခြေအနေ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ အီရန်နျူကလီးယားအရေး သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာနေခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က