ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့်ပုဂ္ဂိုလ်ဟာ အမေရိကန် FBI က အလိုရှိနေသူ ဖြစ်ပါတယ်

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်စစ်သွေးကြွအုပ်စုက အမျိုးသားများသာပါဝင်တဲ့ အစိုးရသစ်တစ်ရပ်ကို ထုတ်ပြန်ကြေညာလိုက်ပြီးနောက် အမေရိကန်က စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောပါတယ်။

(အာဖဂန်အစိုးရအဖွဲ့ကို ဦးဆောင်မည့် Mullah Mohammad Hassan Akhund) (Photo: BBC)

တာလီဘန်တို့ ဖွဲ့စည်းပေးလိုက်တဲ့ အာဖဂန်အစိုးရသစ်မှာ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေသူတွေလည်း ပါဝင်လာကြောင်း သိရပါတယ်။ အာဖဂန်နစ္စတန် ယာယီအစိုးရအဖွဲ့ကို Mullah Mohammad Hassan Akhund က ဦးဆောင်မှာဖြစ်ပြီး ၎င်းဟာ ကုလသမဂ္ဂ blacklist မှာ ပါဝင်နေသူ ဖြစ်ပါတယ်။



ယာယီ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့် Sirajuddin Haqqani ဟာလည်း အမေရိကန် FBI က အလိုရှိနေသူလို့ ဆိုပါတယ်။ ဒါ့အပြင် တာလီဘန်စစ်သွေးကြွအုပ်စုက ပြီးခဲ့တဲ့ သီတင်းသုံးပတ်ကျော်မှာ အာဖဂန်ကို ထိန်းချုပ်လိုက်ပြီးနောက် အစိုးရအဖွဲ့ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

(အာဖဂန်အမျိုးသမီးများ ဦး‌ဆောင်တဲ့ ဆန္ဒပြမှု) (Photo: BBC)

တာလီဘန်တို့ ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း အမျိုးသမီးများ ဦးဆောင်တဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ တာလီဘန်တို့က အမျိုးသမီးတွေကို အကြမ်းဖက်ခြင်းမရှိကြောင်း ငြင်းဆိုနေကြပေမဲ့ ၎င်းတို့ရဲ့ အစိုးရဟာ တည်ငြိမ်မှုနဲ့ စီးပွားရေးတည်ငြိမ်မှုနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု အပါအဝင် ပဋိပက္ခတွေကြားက နိုင်ငံမှာ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တာလီဘန်အုပ်စုဟာ အာဖဂန်ကို ထိန်းချုပ်ပြီးနောက် အားလုံးပါဝင်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမယ်လို့ ယခင်က ပြောထားခဲ့ပါတယ်။ တာလီဘန်တို့ ဖွဲ့စည်းလိုက်တဲ့ အာဖဂန်အစိုးရအဖွဲ့မှာ တာလီဘန်အဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့ အနီးကပ် လုပ်ဖော်ကိုင်ဖက်တွေ ပါဝင်နေပြီး အမျိုးသမီးများ မပါဝင်ကြောင်း တွေ့ရှိရတယ်လို့ အမေရိကန်က အင်္ဂါနေ့ (စက်တင်ဘာ ၇ ရက်) ထုတ်ပြန်ချက်မှာ ထောက်ပြခဲ့ပါတယ်။

တာလီဘန်တို့ကို ၎င်းတို့ရဲ့လုပ်ရပ်တွေနဲ့ အကဲဖြတ်မှာဖြစ်ပြီး အပြောတွေနဲ့မဟုတ်ကြောင်းလည်း အမေရိကန်က ဆိုပါတယ်။ တာလီဘန်အုပ်စုက အစိုးရအဖွဲ့ ဖွဲ့စည်းလိုက်ခြင်းနဲ့အတူ အာဖဂန်ကိုလည်း အစ္စလာမ်မစ်နိုင်ငံတော်ဖြစ် ကြေညာခဲ့ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။



က္က