ဘာသာရေးအကြောင်းပြချက်များဖြင့် အမျိုးသားများကိုသာ တက်ရောက်ခွင့်ပြုထားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ အစဉ်အဆက် အမျိုးသားများသာ တက်ရောက်ခွင့်ပြုထားခဲ့တဲ့ တောင်တစ်လုံးပေါ်ကို အမျိုးသမီးတစ်ဦးက ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ Dhanya Sanal အမည်ရှိ အမျိုးသမီးက အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်ရှိ Agasthyakoodam တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

(Photo: ANI)

အဆိုပါ တောင်ပေါ်ကို ဘာသာရေးအကြောင်းပြချက်များဖြင့် အမျိုးသားများကိုသာ တက်ရောက်ခွင့်ပြုထားခဲ့ပါတယ်။ ယမန်နှစ် နိုဝင်ဘာလမှာတော့ အမျိုသမီးများကိုလည်း တက်ခွင့်ပြုကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်မှာ Sanal က တောင်ပေါ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။



ဒေသခံ မျိုးနွယ်စုတွေက အဆိုပါတောင်ထိပ်မှာ ဗြဟ္မစရိယကျင့်စဉ်နဲ့ဟိန္ဒူဘိုးတော်တစ်ပါးရဲ့ ရုပ်တုရှိနေတာကြောင့် အထွတ်အမြတ်ထားကြပြီး အမျိုးသမီးတွေ တောင်ပေါ်တက်ခြင်းကို ကန့်ကွက်ကြပါတယ်။ တောင်ပေါ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် Sanal ကတော့ သူမကို ဒေသခံတွေ သို့မဟုတ် ဆန္ဒပြသူတွေက မရပ်တန့်နိုင်ခဲ့ကြဘူးလို့ BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Dhanya Sanal)

Sanal တောင်ပေါ်ကိုတက်နိုင်ရန် စည်းရုံးလှုပ်ရှားခဲ့ကြသူတွေက ယခုဖြစ်ရပ်ဟာ လိင်ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးတိုက်ပွဲမှာ အောင်ပွဲတစ်ရပ် ဖြစ်လာတယ်လို့ဆိုပါတယ်။ မျိုးနွယ်စုတွေက သူမကို တားဆီးခဲ့ပါကလည်း နောက်ပြန်လှည့်ရန် အဆင့်သင့်ဖြစ်ကြောင်း Sanal က ပြောပါတယ်။

သို့သော် ဆန္ဒပြသူတွေနဲ့ ကြုံခဲ့ရစဉ်မှာတော့ ၎င်းတို့ဟာ သူမကို မတားဆီးနိုင်ခဲ့ဘူးလို့ Sanal က ဆိုပါတယ်။ အမြင့်ပေ ၆,၁၂၈ ပေရှိတဲ့ Agasthyakoodam တောင်ပေါ်ကို အမျိုးသမီးများ တက်ရောက်ခွင့်ပြုရန် ကီရာလာပြည်နယ် တရားရုံးချုပ်က ယမန်နှစ် နိုဝင်ဘာလအတွင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

(Photo: Sali Palode)

တောင်ပေါ်ကိုတက်ရောက်ခွင့်နဲ့ ပတ်သက်ပြီး လိင်ကိုအခြေခံ ဆုံးဖြတ်နိုင်ခြင်းမရှိကြောင်း တရားရုံးက ပြောခဲ့ပါတယ်။ အမျိုးသမီးအုပ်စုက အဆိုပါတောင်ပေါ်ကို တက်ရောက်ခွင့်အတွက် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပြီးနောက် အမျိုးသမီးများလည်း တက်ရောက်ခွင့်ရှိကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ထိုအမျိုးသမီးအုပ်စုက Sanal ရဲ့ တောင်တက်ခရီးစဉ်ကို ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က