ကနေဒါမှ အမှိုက်တွေကို မေ ၁၅ ရက် နောက်ဆုံးထားပြီး ပြန်ယူဆောင်ရန် ဖိလစ်ပိုင်က ပြောထားခဲ့ပါတယ်။

ကနေဒါနဲ့ဖိလစ်ပိုင် နှစ်နိုင်ငံကြား အမှိုက်ပြဿနာအပေါ် သံတမန်ရေးတင်းမာမှု မြင့်တက်လာခဲ့ပြီး ဖိလစ်ပိုင်က ၎င်းရဲ့သံအမတ်ကို ယမန်နေ့ (မေ ၁၆ ရက်) က ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

(ကနေဒါမှ အမှိုက်တွေပြန်ယူရန် ဖိလစ်ပိုင်မှာ ဆန္ဒပြမှုတစ်ခု) (Photo: Aaron Favila/AP)

ကနေဒါနိုင်ငံက လာရာက်စွန့်ပစ်ထားတဲ့ တန်ချိန်အများအပြားရှိ အမှိုက်တွေကို မေ ၁၅ ရက် နောက်ဆုံးထားပြီး ပြန်လည်သိမ်းဆည်းယူဆောင်ရန် ဖိလစ်ပိုင်က ပြောထားခဲ့ပေမဲ့ အမှိုက်တွေကို ပြန်လည်ယူဆောင်ခြင်းမရှိတာကြောင့် သံတမန်ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့တယ်လို့ ဆိုပါတယ်။



ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း ကနေဒါကုမ္ပဏီတစ်ခုက ပြန်လည်သုံးစွဲနိုင်ကြောင်း မမှန်မကန် အမှတ်အသားပြုလုပ်ထားတဲ့ နေအိမ်အသုံးအဆောင် စွန့်ပစ်အမှိုက် သင်္ဘောကုန်သေတ္တာ အလုံး ၁၀၀ ခန့်ကို ဖိလစ်ပိုင်ဆိပ်ကမ်းများသို့ ပို့ဆောင်ခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရက သုံးမရတော့တဲ့ အဆိုပါ အမှိုက်တွေကို ပြန်လည်ယူဆောင်ရန် ကနေဒါကို ပြောထားခဲ့ပါတယ်။

(ဖိလစ်ပိုင်သမ္မတ ဒူတာတေး) (Photo: Reuters)

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း အဆိုပါ အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး ကနေဒါကို ပြီးခဲ့တဲ့ လအတွင်း ဒေါသတကြီး ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။ ဒူတာတေးရဲ့ ဝေဖန်ပြောဆိုမှု ထွကပေါ်လာခဲ့ပြီးနောက် ကနေဒါအစိုးရက အမှိုက်ကုန်သေတ္တာတွေကို ပြန်လည်ယူဆောင်ရန် စီစဉ်နေကြောင်း ပြောခဲ့ပေမဲ့ အချိန်ကာလသတ်မှတ်ချက်ကိုတော့ မပြောခဲ့ပါဘူး။

အမှိုက်ပြဿနာနဲ့ပတ်သက်ပြီး သံတမန်ရေးတင်းမာမှုအဖြစ် သံအမတ်နဲ့ ကောင်စစ်ဝန်တို့ကို ကနေဒါနိုင်ငံမှ ပြန်လည်ခေါ်ယူအကြောင်း အသိပေးစာတွေကို ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က ပြောပါတယ်။ ဖိလစ်ပိုင်သံတမန်တွေဟာ မနီလာမြို့ကို တစ်ရက်အတွင်း ပြန်ရောက်လာမယ်လို့လည်း ၎င်းကဆိုပါတယ်။

(ကနေဒါမှ အမှိုက်တွေပြန်ယူရန် ဖိလစ်ပိုင်မှာ ဆန္ဒပြမှုတစ်ခု) (Photo: Getty Images)

"ကနေဒါက မေ ၁၅ ရက် နောက်ဆုံးသတ်မှတ်ချိန်အတိုင်း ဆောင်ရွက်ခြင်းမရှိပါဘူး၊ သူတို့အမှိုက်တွေကို ပြန်မယူမချင်း ကနေဒါမှာ သံတမန်ရေးရာကိစ္စ လျှော့ချထားသွားမှာပါ" လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက Twitter မှာ ရေးထားပါတယ်။ ယခု လုပ်ဆောင်မှုဟာ အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အနေနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ပစ်ရန် အသင့်ရှိကြောင်း ကနေဒါကို သတိပေးမှုတစ်ခု ဖြစ်တယ်လို့ သမ္မတဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

"သမ္မတရဲ့ ရပ်တည်ချက် သိပ်ရှင်းပါတယ်၊ အမှိုက်တွေပြန်ယူပါ၊ ဒါမှမဟုတ်ရင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အဆုံးသတ်ပြီဆိုတာပါပဲ" လို့ သမ္မတဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Salvador Panelo က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်က သံအမတ်ကို ပြန်လည်ခေါ်ယူမှုနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က