လူသတ်တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေ ပေးပို့ခိုင်းတယ်လို့ဆိုပါတယ်။
Ko John

အွန်လိုင်းမှာတွေ့ဆုံခဲ့တဲ့ အမျိုးသားတစ်ဦးထံမှ ဒေါ်လာ ၉ သန်းပေးမယ့်ကမ်းလှမ်းမှု လက်ခံရရှိပြီးနောက် အချစ်ဆုံးသူငယ်ချင်းကို ပူးပေါင်းကြံစည်သတ်ခဲ့တဲ့ အမေရိကန် ဆယ်ကျော်သက်မိန်းကလေးကို စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

(အသတ်ခံခဲ့ရသည့် စင်သီယာ) (Photo: KTUU)

စုံစမ်းစစ်ဆေးရေးမှူးတွေအရဲ့ တွေ့ရှိချက်အရ အလက်စကာပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ဒီနာလီဘရီမာ အမည်ရှိ ဆယ်ကျော်သက်မိန်းကလေးကို သူမထက် အသက်အနည်းငယ်ကြီးတဲ့ အင်ဒီယာနာပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် ဒါရင်ရှီမီလာက လူသတ်မှုကျူးလွန်ရန် စည်းရုံးစေခိုင်းခဲ့တယ်လို့ သိရပါတယ်။

လူသတ်ရန် ပူးပေါင်းကြံစည်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေး ဒီနာလီနဲ့ ရှီမီလာတို့ဟာ အွန်လိုင်းမှာ အချစ်ဇာတ်လမ်း ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရှီမီလာက ၎င်းရဲ့ ကိုယ်ရေးအချက်အလက် အတုကို သုံးခဲ့တယ်လို့ ယူဆရပြီး တိုင်လာ အမည်ရှိ မီလျံနာတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချထားပါတယ်။

(ဒေါ်လာ ၉ သန်း ပေးမည်ဟု ကမ်းလှမ်းခဲ့သည့် ရှီမီလာ) (Photo: MustReadAlaska)

ဒီနာလီနဲ့ ရှီမီလာတို့ဟာ အွန်လိုင်းချစ်သူတွေ ဖြစ်ကြပြီးနောက် အလက်စကာပြည်နယ်မှာ တစ်စုံတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ရန် အစီအစဉ်တစ်ခု ဆွေးနွေးခဲ့ကြတယ်လို့ တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ထို့နောက်ပိုင်းမှာ ရှီမီလာက ၎င်းထံကို လူသတ်တဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ပို့ပေးပါက အမေရိကန်ဒေါ်လာ ၉ သန်း သို့မဟုတ် ပိုများတဲ့ ငွေပမာဏ လွှဲပေးမယ်လို့ ဒီနာလီကို ကတိပေး ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ရှီမီလာထံမှ ဒေါ်လာ ၉ သန်း ကမ်းလှမ်းမှုကို လက်ခံရရှိပြီးနောက် ဒီနာလီက သူမရဲ့ သူငယ်ချင်းလေးဦးကို အကြံအစည်မှာပါဝင်ရန် စည်းရုံးစုဆောင်းခဲ့ပြီး ၎င်းတို့ဟာ ဒီနာလီရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သူ စင်သီယာ ဟော့ဖ်မန်းကို ပစ်မှတ်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဇွန်လ ၂ ရက်နေ့မှာတော့ အသက် ၁၉ နှစ်အရွယ် စင်သီယာကို အလက်စကာပြည်နယ် Anchorage ဒေသ အရှေ့တောင်ဘက်မှာ အပျော်ခြေလျင်ခရီးထွက်မယ်လို့ လိမ်ညာလှည့်ဖျား ခေါ်ဆောင်သွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(ဒီနာလီကို တရားခွင်မှာတွေ့ရစဉ်) (Photo: KTUU)

ထို့နောက် စင်သီယာကို တိပ်ဖြင့်ပတ်ထားပြီး ဦးခေါင်းနောက်ဘက်ကို သေနတ်ဖြင့် တစ်ချက်ပစ်ကာ သတ်ခဲ့တယ်လို့ဆိုပါတယ်။ စင်သီယာကိုသတ်ပြီးနောက် အလောင်းကို မြစ်တစ်ခုအတွင်း တွန်းချခဲ့တာဖြစ်ပါတယ်။ မြစ်အတွင်း စွန့်ပစ်ခဲ့တဲ့ စင်သီယာရဲ့အလောင်းကို ဇွန်လ ၁၄ ရက်မှာ ပြန်ရှာတွေ့ခဲ့ပါတယ်။

စင်သီယာရဲ့ ဖခင်ဖြစ်သူ ပြောကြားမှုအရ ၎င်းရဲသမီးဟာ သင်ယူလေ့လာနိုင်စွမ်း ချို့ယွင်းနေသူဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်တစ်ဦးကဲ့သို့သာ တွေးခေါ်နိုင်သူဖြစ်ကြောင်း သိရပါတယ်။ အခင်းဖြစ်တဲ့နေ့က စင်သီယာကို ဒီနာလီနဲ့ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေး ကေဒင်မာ့ခ်အင်တော့ရှ်တို့က မြစ်ကမ်းဘေးတစ်လျှောက်ကနေ Thunderbird ရေတံခွန်သို့ ခြေလျင်ခရီးထွက်မယ်လို့ လိမ်ညာခေါ်ဆောင်သွားခဲ့ပါတယ်။

(သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ကေဒင်) (Photo: Bill Roth/ADN)

ထို့နောက်မှာတော့ ကေဒင်က ဒီနာလီရဲ့သေနတ်ဖြင့် စင်သီယာကို ပစ်သတ်ခဲ့ပြီး အလောင်းကို မြစ်ထဲသို့ တွန်းချခဲ့ကြတာဖြစ်ပါတယ်။ စင်သီယာကိုသတ်ခဲ့စဉ် ဒီနာလီက သူမရဲ့ အွန်လိုင်းချစ်သူ ရှီမီလာထံဆက်သွယ်ပြီး Snapchat မှတစ်ဆင့် စင်သီယာရဲ့အလောင်း အပါအဝင် ဓာတ်ပုံနဲ့ဗီဒီယိုတွေ ပေးပို့ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒီနာလီနဲ့ ကေဒင်တို့နှစ်ဦးကို လူသတ်မှုဖြင့် ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ ထို့အတူ ရှီမီလာကိုလည်း လူသတ်ရန်ကြံစည်ရာမှာ ကူညီပေးကြောင်း စွပ်စွဲခံရသူ သုံးဦးနဲ့အတူ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သောကြောနေ့ (ဇွန် ၁၄ ရက်) မှာတော့ တရားသူကြီးအဖွဲ့က ဒီနာလီ၊ ကေဒင်၊ ကာလက်ဘ် လေးလန်းဒ်နဲ့ ရှီမီလာ အပါအဝင် ဖမ်းဆီးထားသူ ခြောက်ဦးလုံးကို ပထမဒီဂရီ လူသတ်မှု၊ ပထမဒီဂရီ လူသတ်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ ဒုတိယဒီဂရီ လူသတ်မှုစွဲချက်နှစ်ခုနဲ့ အခြား စွဲချက်များဖြင့် စွဲချက်တင်ခဲ့ပါတယ်။

(လူသတ်မှုဖြင့် စွဲချက်တင်ခံရသည့် ၁၉ နှစ်အရွယ် ကာလက်ဘ် လေးလန်းဒ်) (Photo: Bill Roth/ADN)

ရှီမီလာနဲ့ ဒီနာလီတို့ကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာဓာတ်ပုံကိစ္စနဲ့ ကလေးသူငယ်အပေါ် အခွင့်အရေးယူ အသုံးချခြင်းတို့ဖြင့်လည်း အင်္ဂါနေ့ (ဇွန် ၁၈ ရက်) မှာ စွဲချက်တင်လိုက်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာဓာတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ ဒါ့အပြင် လူသတ်မှုစွဲချက်များ၊ လူသတ်ရန်ပူးပေါင်းကြံစည်မှုနဲ့ လူသတ်ရန်စည်းရုံးမှုတို့အတွက်လည်း တစ်ဦးလျှင် ထောင်ဒဏ် ၉၉ နှစ်အထိ ကျခံရနိုင်ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

(Thunderbird ရေတံခွန်သို့သွားရာ လမ်းတစ်နေရာ) (Photo: Sky News)

ယခုအမှုဟာ မိဘတွေကို သတိထားစရာတစ်ခု ဖြစ်သင့်ကြောင်း အလက်စကာပြည်နယ်မှ ရှေ့နေ ဘရိုင်ယန် ရှရိုဒါက ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။ "အားလုံးအတွက် အင်တာနက်က ကောင်းတာတွေ လုပ်နိုင်ပါတယ်၊ အခြား တစ်ဖက်မှာလည်း အင်တာနက်က တစ်ကယ့်ကို အမှောင်နယ်မြေတစ်ခု ဖြစ်နိုင်ပါတယ်၊ မိဘတွေက သူတို့ကလေးတွေရဲ့ အွန်လိုင်းအသုံးပြုမှုကို စောင့်ကြည့်သင့်ပါတယ်" လို့ ရှေ့နေဘရိုင်ယန်က သတင်းထောက်တွေကို ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က