ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တန်ဖိုးကြီးလှတဲ့ တယောကို ရရှိထားသူက ပိုင်ရှင်ထံ ပြန်ပေးအပ်ခဲ့ပါတယ်။
Ko John

လန်ဒန်မြို့တောင်ပိုင်း ရထားတစ်စင်းပေါ်မှာ မေ့ကျန်နေခဲ့တဲ့ နှစ်ပေါင်း ၃၁၀ သက်တမ်းရှိပြီး ပေါင်စတာလင် ၂၅၀, ၀၀၀ (မြန်မာကျပ်ငွေ သိန်းငါးထောင်ခန့်) တန် တယောကို ပိုင်ရှင်ဖြစ်သူ ပြန်လည်ရှိခဲ့တယ်လို့ သိရပါတယ်။

(တယောပြန်ရပြီး ပျော်ရွင်နေသည့် မော်ရစ်ဆင်) (Photo: Stephen Morris)

လျှို့ဝှက်ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် အဆိုပါ တန်ဖိုးကြီးလှတဲ့ တယောကို ပိုင်ရှင်ဖြစ်သူ ဂီတပညာရှင် စတီဖင်မော်ရစ်ထံ Beckenham ဘူတာရုံအနီးရှိ စူပါမတ်ကက်တစ်ခုရဲ့ ကားပါကင်နေရာမှာ ပြန်လည်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ မော်ရစ်ထံ တယောပြန်ပေးရာမှာ အရပ်ဝတ် ရဲအရာရှိတွေက တစ်ခုခုမှားယွင်းပါက အသင့်ကူညီဖြေရှင်းနိုင်ရန် လိုက်ပါခဲ့ကြတယ်လို့ ဆိုပါတယ်။

တန်ဖိုးကြီး တယောကို ရထားပေါ်မှာတွေ့ရှိပြီး ရယူထားခဲ့တဲ့ အမျိုးသားက အမှားကျူးလွန်မိခဲ့ကြောင်းပြောကာ တောင်းပန်ခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူ ဂီတပညာရှင် မော်ရစင်ဆင်ကတော့ တယောကို ပြန်လည်ရရှိခြင်းက ကျောက်ခဲရေပေါ်တာပဲလို့ ညွှန်းဆိုပြေခဲ့ပါတယ်။

(တန်ဖိုးကြီးလှတဲ့ ရှေးဟောင်းတယော) (Photo: Stephen Morris)

"ကျွန်တော် အတော်လေး ခံစားခဲ့ရတယ်၊ တယော ပျောက်သွားကတည်းက ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး၊ တယော ပြန်ရတဲ့အတွက် အောင်ပွဲခံဖို့ ဘီယာသောက်ရမယ်" လို့ မော်ရစ်ဆင်က ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ တယောကို ၁၇၀၉ ခုနှစ်အတွင်း နာမည်ကြီး လက်မှုပညာရှင် ဒေးဗစ်တက်ချ်လာက ပြလုပ်ခဲ့တာဖြစ်ပါတယ်။

ဂီတပညာရှင် မော်ရစ်ဆင်က အောက်တိုဘာ ၂၂ ရက်မှာ ရထားစီးခဲ့စဥ် Penge East ဘူတာအရောက် ၎င်းရဲ့စက်ဘီးနဲ့အတူ ဆင်းသွားခဲ့ရာ တယောကို မေ့ကျန်ခဲ့ပါတယ်။ လန်ဒန်မြို့ Sydenham အရပ်မှာနေထိုင်တဲ့ အသက် ၅၁ နှစ်အရွယ် ဂီတပညာရှင် မော်ရစ်ဆင်ရဲ့ တယောသံကို The Lord of the Rings နဲ့ James Bond အပါအဝင် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေမှာ ခံစားနိုင်ပါတယ်။

(တယောမှာတွေ့ရသည့် ဒေးဗစ်တက်ချ်လာအမည်) (Photo: Stephen Morris)

ဒါ့အပြင် မော်ရစ်ဆင်က အဆိုတော် ဒေးဗစ်ဘိုဝီနဲ့ စတိဗ်ဝမ်းဒါးတို့ရဲ့ တေးသီးချင်းတွေအတွက်လည်း တယောထိုးခဲ့သူ ဖြစ်ပါတယ်။ မော်ရစ်ဆင်ရဲ့ တန်ဖိုးကြီးလှတဲ့ တယော ပျောက်ဆုံးကြောင်း သိရှိရပြီးနောက် ဗြိတိသျှသယ်ယူပို့ဆောင်ရေးရဲတပ်ဖွဲ့ (British Transport Police - BTP) က Bromley South ဘူတာရုံကို ရထားဆိုက်ရောက်ခါနီးမှာ အမျိုးသားတစ်ဦးက တယောကိုယူသွားခဲ့တဲ့ CCTV ပုံရိပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

ထိုအမျိုသားကိုလည်း ဆက်သွယ်ရန်ပြောကြားခဲ့ပြီး တယောပျောက်ဆုံးတဲ့ သတင်းဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။ ထို့နောက်မှာတော့ မော်ရစ်ဆင်ထံသို့ Twitter မှတစ်ဆင့် အမျိုးသားတစ်ဦးက စာပို့လာခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စာပို့သူက "ရဲကထုတ်ပြန်တဲ့ ပုံထဲကလူကို ကျွန်တော် မှတ်မိတယ်၊ ကျွန်တော်သိတဲ့ တစ်ယောက်ယောက်ဖြစ်နိုင်တယ်ထင်တယ်၊ ကျွန်တော် ကူညီချင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

(တယောထိုးနေသည့် ဂီတပညာရှင် မော်ရစ်ဆင်) (Photo: Walton/YouTube)

နောက်ထပ် ၂၄ နာရီအကြာမှာတော့ စာပို့သူနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ပြီး ၎င်းဟာ ရထားပေါ်ကနေ တယောကို ယူသွားခဲ့သူဖြစ်ကြောင်း သံသယရှိခဲ့ကြပါတယ်။ နာမည်အရင်းမသုံးဘဲ ဂျီနီလို့သာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့တဲ့ ထိုအမျိုးသားက သောကြာနေ့ (နိုဝင်ဘာ ၁ ရက်) ညအချိန် Beckhenham ဘူတာရုံအနီး Waitrose စူပါမတ်ကက် ကားပါကင်မှာ မော်ရစ်ဆင်နဲ့တွေ့ဆုံရန် သဘောတူခဲ့တယ်လို့ သိရပါတယ်။ ထိုနေ့ည ၁၁ နာရီ ၁၀ မိနစ်ခန်မှာတော့ အသက် ၂၀ ကျော် ၃၀ နီးပါးအရွယ် ဂျီနီက ဂီတပညာရှင် မော်ရစ်ဆင်အနီး ချဥ်းကပ်လာခဲ့ပြီး လက်ဆွဲနှုတ်ဆက်ကာ တယောထည့်ထားတဲ့ ခရီးဆောင်အိတ်ကို လွှဲပြောင်းပေးအပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

(BTP က ထုတ်ပြန်ခဲ့သည့် အမျိုးသားဓာတ်ပုံ) (Photo: PA)

"သူက အရမ်းကို တောင်းတောင်းပန်ပန်နဲ့ အားတုံ့အားနာ ဖြစ်ခဲ့တယ်ဗျ၊ လူချင်းတွေ့ပြီး တယောကို ပြန်ပေးချင်တာလို့ သူက ပြောခဲ့တယ်၊ ဒီထက်ပိုပြီး ပျော်စရာကောင်းတာ မရှိတော့ပါဘူး" လို့ ဂီတပညာရှင် မော်ရစ်ဆင်က ပြောပါတယ်။ တယောဟာလည်း မူလအတိုင်း အကောင်းပတိ ဖြစ်တယ်လို့သိရပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး တယောယူသွားခဲ့တဲ့ အမျိုးသားက တာဝန်သိသိနဲ့ ပိုင်ရှင်ကိုဆက်သွယ်ပြီး ပြန်ပေးခဲ့တာကြောင့် ၎င်းကို တစ်စုံတရာ အရေးယူဆောင်ရွက်မှာ မဟုတ်ကြောင်း BTP က ပြောပါတယ်။

Source: Daily Mail, Independent


ဆက်စပ်အကြောင်းအရာများ


က္က