အဆောက်အအုံတွေဟာ စုတ်ပြတ်နေပြီး ဖြစ်သလိုတည်ဆောက်ထားတယ်လို့ ကင်မ်က ဝေဖန်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုများပြားတဲ့ အပန်းဖြေနေရာတစ်ခုရှိ တောင်ကိုရီးယားက ဆောက်လုပ်ထားတဲ့ ဟိုတယ်နဲ့ အခြား အဆောက်အအုံများ အားလုံးကို ဖြိုချပစ်ရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

(Photo: KCNA/EPA)

တောင်နဲ့မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအဖြစ် မြောက်ကိုရီးယားပိုင်နက်အတွင်းရှိ Kumgang တောင်တန်းနယ်မြေ အပန်းဖြေစခန်းမှာ တောင်ကိုရီးယားက ဟိုတယ်နဲ့ အခြား အဆောက်အအုံများ ဆောက်လုပ်ထားခဲ့တာ ဖြစ်ပါတယ်။ Kumgang နယ်မြေရှိ အဆောက်အအုံတွေဟာ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသမှာ ယာယီရွက်ဖျင်တဲများကဲ့သို့ ဆောက်လုပ်ထားခဲ့တယ်လို့ ကင်မ်ဂျုံအန်က ဝေဖန်ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၃ ရက်) မှာ ဖော်ပြပါတယ်။



(Photo: KCNA/AFP via Getty Images)

Kumgang တောင်တန်းနယ်မြေသို့ လာရောက်ကြည့်ရှုခဲ့ပြီးနောက် ထိုနေရာကို စီမံခန့်ခွဲမှုမှာ တောင်ကိုရီးယား ပါဝင်ခြင်းမရှိပါက ပိုကောင်းမယ်လို့လည်း ကင်မ်ဂျုံအန်ကဆိုပါတယ်။ Kumgang အပန်းဖြေစခန်းနယ်မြေရှိ ကြည့်မကောင်းတဲ့ တောင်ကိုရီးယားရဲ့ အဆောက်အအုံ အားလုံးကို ဖယ်ရှားဖြိုဖျက်ပစ်ရန်နဲ့ မြောက်ကိုရီးယားက ခေတ်သစ်အဆောက်အအုံတွေကို ကိုယ်ပိုင်တည်ဆောက်ရန် ညွှန်ကြားထားကြောင်း KCNA ကပြောပါတယ်။

မောက်ကိုရီးယား အရှေ့ပိုင်းရှိ Kumgang တောင်တန်းနယ်မြေ အပန်းဖြေစခန်းနေရာကို ၁၉၉၀ ပြည့်လွန်မှာ တောင်ကိုရီးယားကုမ္ပဏီ Hyundai Asan က တည်ဆောက်ခဲ့ပြီး တစ်ချိန်က ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သင်္ကေတတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

(Photo: KCNA/AFP)

ရာနဲ့ချီတဲ့ တောင်ကိုရီးယားခရီးသည်တွေကို Kumgang အပန်းဖြေစခန်းသို့ တင်းကျပ်တဲ့ ထိန်းချုပ်စောင့်ကြည့်မှုများဖြင့် လာရောက်လည်ပတ်ခွင့်ပြုခဲ့ပါတယ်။ သို့သော် ၂၀၀၈ ခုနှစ်အတွင်း မြောက်ကိုရီးယား အစောင့်စစ်သားတစ်ဦးက အမျိုးသမီးခရီးသည်တစ်ဦးကို ပစ်သတ်ခဲ့မှုဖြစ်ပွားပြီးနောက် ခရီးသည်လာရောက်လည်မှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ မြောက်ကိုရီးယားက Kumgang အပန်းဖြေစခန်းနေရာရှိ တောင်ကိုရီးယားပိုင်ဆိုင်မှုတွေကို သိမ်းယူလိုက်ပြီး တောင်ကိုရီးယားတာဝန်ရှိသူတွေကို နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံအန်က အပန်းဖြေစခန်းနေရာကို လာရောက်ကြည့်ရှုပြီးနောက် အဆောက်အအုံတွေဟာ စုတ်ပြတ်နေပြီး ဖြစ်သလိုတည်ဆောက်ထားကာ အမျိုးသားရေးလက္ခဏာ လုံးဝမရှိကြောင်း ဝေဖန်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

(Photo: Ng Han Guan/AP)

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀ ခုနှစ်မှာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ စစ်ပွဲရပ်ဆိုင်းခဲ့ပေမဲ့ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။ ကိုရီးယားနှစ်နိုင်ငံစစ်ပွဲက ကိုရီးယားကျွန်းဆွယ်ကို နှစ်ပိုင်းပိုင်းခြားသွားစေခဲ့ပါတယ်။

ကိုရီးယားနှစ်နိုင်ငံကို ၁၅၅ မိုင်ရှည်လျားပြီး အကျယ်အဝန်း ၂.၅ မိုင်ရှိကာ ကိုရီးယားကျွန်းဆွယ်တစ်လျှောက် ဖြတ်သန်းသတ်မှတ်ထားတဲ့ စစ်မဲ့ဇုန်နေရာ (Demilitarised Zone - DMZ) ဖြင့် ပိုင်းခြားထားပြီး နှစ်ဘက်စစ်တပ်တွေက စောင့်ကြပ်နေကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က