တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ အရပ်ပုနေတာကြောင့် ဆရာမတစ်ဦးအဖြစ် ခန့်အပ်ရန် အရည်အချင်း မပြည့်မီကြောင်း ငြင်းပယ်ခံရမှုသတင်းကို ဆိုရှယ်မီဒီယာမှာ ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး ထိုကဲ့သို့သော စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
Photo: BBC
တရုတ်ပြည်နယ်အများအပြားမှာ သင်ကြားရေးအလုပ်အကိုင် ရှာဖွေသူတွေနဲ့ ပတ်သက်ပြီး အရပ်အမြင့် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။
မစ္စလီရဲ့ဖြစ်ရပ်ဟာ တရုတ်ပညာရေးစနစ်ရဲ့ အလုပ်ခန့်ထားမှုက အခြား သတ်မှတ်ချက်တွေထက် အရပ်အမြင့်ကို ဂရုစိုက်လွန်းမှု အပါအဝင် ပြဿနာတွေကို ပိုမိုထင်ရှားစေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
မစ္စလီဟာ Shaanxi Normal တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကဖြင့် ၂၀၁၄ ခုနှစ်မှာ စတင်တက်ရောက်ခဲ့ပြီး ယခုနှစ် အစောပိုင်းမှာ ကျောင်းပြီးခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ဆရာမတစ်ဦးဖြစ်ရန် ကြိုးပမ်းခဲ့ပေမဲ့ အရပ်ပုနေတာကြောင့် ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။
တရုတ်မြောက်ပိုင်း Shaanxi ပြည်နယ်မှာ သင်ကြားရေးဆိုင်ရာ အလုပ်အကိုင် လျှောက်ထားရာမှာ အမျိုးသားတွေက အရပ်အမြင့် ၅ ပေ ၂ လက်မအထက် ရှိရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ ၄ ပေ ၉ လက်မအထက် ရှိရမှာဖြစ်ပါတယ်။ မစ္စလီရဲ့ အရပ်အမြင့်ဟာ ၄ ပေ ၆ လက်မသာ ရှိခဲ့တာကြောင့် ဆရာမအဖြစ် ခန့်အပ်ရန် ငြင်းပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မစ္စလီရဲ့ ဘွဲ့လက်မှတ် (Photo: Weibo/CNWest)
သူမရဲ့ တက္ကသိုလ်ကတော့ မစ္စလီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ သို့သော် Shaanxi ပြည်နယ်တစ်ခုတည်းမှာသာ ထိုသို့ အရပ်အမြင့် ကန့်သတ်ထားခြင်းမဟုတ်ကြောင်း သိရပါတယ်။
Photo: chinaoblue
တရုတ်မှာ ဆရာ၊ ဆရာမ ဖြစ်လိုသူတွေအတွက် အရပ်အမြင့် ကန့်သတ်ထားမှုကို ဝေဖန်မှုတွေ လတ်တလော လပိုင်းအတွင်း အကြီးအကျယ် ထွက်ပေါ်လာခဲ့ပြီးနောက် Sichuan, Jiangxi နဲ့ Guangxi ဒေသတွေမှာ ထိုသို့ စည်းမျဉ်းကန့်သတ်ချက်တွေကို ပယ်ဖျက်ခဲ့ကြောင်းလည်း သိရပါတယ်။
ယခုအခါ Shaanxi ပြည်နယ်မှ မစ္စလီရဲ့ဖြစ်ရပ်ဟာလည်း အဆိုပါ စည်းမျဉ်းကန့်သတ်ချက်နဲ့ ပတ်သက်ပြီး တရုတ်ပြည်သူများကြား ဝေဖန်ပြောဆိုစရာ ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Sina Weibo မှာလည်း ထောင်နဲ့ချီတဲ့ အသုံးပြုသူတွေက မစ္စလီရဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြပါတယ်။
Photo: BBC
"လူတွေကို ပညာသင်ကြားပေးနိုင်စွမ်းနဲ့ ဗဟုသုတ ဖြန့်ဝေနိုင်စွမ်းတွေက အရပ်အမြင့်ကြောင့် ကန့်သတ်ခံနေရတယ်၊ ပညာရေးဌာနကို ဒါကို ပြန်သုံးသပ်သင့်တယ်" လို့ နောက်တစ်ဦးက ပြောထားပါတယ်။
အခြားတစ်ဦကလည်း "ဆရာ၊ ဆရာမတွေကို သူတို့ရဲ့ သင်ကြားနိုင်မှု အရည်အချင်းပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်၊ ဒါက အလှမယ်ပြိုင်ပွဲမှ မဟုတ်တာ" လို့ Sina Weibo မှာ ဝေဖန်ရေးသားထားပါတယ်။