အရေးပါတဲ့ ဗီတာမင်ဓာတ်များ ချို့တဲ့မှုဖြစ်ကာ မျက်စိကွယ်သွားခဲ့ပါတယ်။
Ko John

ဗြိတိန်နိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးဟာ အာဟာရမမြောက်တဲ့ အလွယ်တကူ အသင့်စား အစားအစာတွေကိုသာ နှစ်ရှည်ကြာ စားလာခဲ့ပြီးနောက် ဗီတာမင်ချို့တဲ့မှုဖြစ်ကာ မျက်စိကွယ်သွားခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ လေ့လာမှုတစ်ရပ်က ကောက်ချက်ချခဲ့ပါတယ်။

(Photo: Shutterstock)

အစားအစာ ဇီဇာကြောင်တတ်တဲ့ အဆိုပါ ဆယ်ကျော်သက် ယောက်ျားလေးက အားလူးကြော်၊ ပေါင်မုန့်ဖြူနဲ့ ဝက်အူချောင်း၊ ကြက်အူချောင်း အစရှိတဲ့ အဟာရမမြောက်တဲ့ အသင့်စား အစားအစာတွေကိုသာ ပုံမှန်စားနေခဲ့ကြောင်း စက်တင်ဘာ ၂ ရက်နေ့က Annals of Internal Medicine ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာတွေ့ရှိချက်က ပြောပါတယ်။

နောက်ဆုံးမှာတော့ ဘရစ္စတိုးလ်မြို့မှာ နေထိုင်တဲ့ ထိုယောက်ျားလေးဟာ အရေးပါတဲ့ ဗီတာမင်ဓာတ်များ ချို့တဲ့မှုကြောင့် အမြင်အာရုံဆိုင်ရာ အာရုံကြောချို့ယွင်းမှုဖြစ်ပြီး မျက်စိကွယ်သွားခဲ့ပါတယ်။ မျက်စိကွယ်သွားတဲ့ ၎င်းရဲ့အခြေအနေကို ကုသရန်အတွက်လည်း အလွန်နောက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: ABC News)

အမည်မဖော်ပြထားတဲ့ ဆယ်ကျော်သက်ဟာ ဗီတာမင် B12, copper နဲ့ ဗီတာမင် D အပါအဝင် အရေးပါတဲ့ ဗီတာမင်ဓာတ်များ ချို့တဲ့မှုဖြစ်ပြီး အမြင်အာရုံနဲ့ဆိုင်တဲ့ အာရုံကြောထိခိုက်မှု ဖြစ်သွားခဲ့တယ်လို့ လေ့လာမှုက ဖော်ပြပါတယ်။ ယခုအချိန်မှာ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ ဆယ်ကျော်သက်ဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကို ဆယ်စုနှစ်များကြာ မစားခဲ့ဘူးလို့သိရပါတယ်။

၎င်းဟာ မျက်စိကွယ်သွားခဲ့တာကြောင့် ကောလိပ်တစ်ခုမှာ အိုင်တီဘာသာရပ် တက်ရောက်သင်ကြားနေမှုကိုလည်း စွန့်လွှတ်ခဲ့ရပါတယ်။ အစားအစာ ဇီဇာကြောင်တတ်တဲ့ ဆယ်ကျော်သက်ရဲ့ နေ့စဉ်အစားအစာဟာ အာလူးကြော်များ၊ ဝက်အူချောင်း ကြက်အူချောင်းများနဲ့ တစ်ခါတစ်ရံ ဝက်ပေါင်ခြောက် အသားညှပ်ပေါင်မုန့်တို့သာ ဖြစ်ပါတယ်။

(Photo: Getty Images)

၎င်းဟာ ကလေးအရွယ်ကတည်းက ထိုသို့ စားလာခဲ့ပြီး အသက် ၁၄ နှစ်အရွယ်မှာ အမြင်အာရုံနဲ့ဆိုင်တဲ့ Nutritional Optic Neuropathy (NON) ခေါ် အခြေအနေ စတင်ဖြစ်လာခဲ့တယ်လို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။ ထို့နောက် သုံးနှစ်အတွင်း အမြင်အာရုံ တဖြည်းဖြည်း ဆုံးရှုံးသွားခဲ့ပြီးနောက် မျက်စိကွယ်သွားခဲ့ပါတယ်။

အဆိုပါ ဆယ်ကျော်သက်ဟာ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန် ပုံမှန်အတိုင်းပင် ဖြစ်ပေမဲ့ အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်များ ချို့တဲ့မှုကြောင့် မျက်လုံးအနောက်ဘက်ရှိ အာရုံကြောများ ပြန်မကောင်းနိုင်တော့တဲ့ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ရာမှ မျက်စိကွယ်သွားခဲ့ကြောင်း သိရပါတယ်။

(Photo: Shutterstock)

"ကျွန်တော် အရမ်းကို အထီးကျန်လာပါတယ်၊ ကျွန်တော် ကလေးအရွယ်တုန်းဆိုရင် အပြင်ထွက်ပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ကြတယ်လေ၊ အခုတော့ အဲဒီလိုလုပ်ဖို့ ကျွန်တော် အရမ်း ကြောက်နေမိတယ်" လို့ မျက်စိကွယ်သွားခဲ့သူ ဆယ်ကျော်သက်က ဗြိတိန်သတင်းစာ The Times ကို ဖွင့်ဟပြောခဲ့ပါတယ်။


က္က